
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နေရာယူထားတဲ့ လမြန်ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်လို့ ဒေသခံ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဝိုင်းမော်ကနေတဆင့် လမြန်-ဝါးရှောင်လမ်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်လာတာ ၃ ရက်ဆက်တိုက် ရှိလာနေပြီးတော့ စစ်ကြောင်း သုံးလေးခုနဲ့ ဝင်ရောက် တိုက်ခိုက်နေတယ်လို့ ရှေ့တန်းက သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဒီရက်ပိုင်းက အရမ်းတိုးလာနေတယ်၊ နေ့တိုင်းလိုလို စစ်ကြောင်းထိုးလာတယ်ပေါ့။ ဒီနေ့မနက် ဆိုရင်လည်း မနက်ပိုင်း တိုးလာတယ်၊ နေ့တိုင်းလိုလိုပါပဲ။ ခံစစ်ပျော့တဲ့ဘက်ကို ကြည့်ပြီးတော့ တိုးလာတာရှိတယ်။ အဓိကကတော့ ဝါးရှောင်-ကန်ပိုင်တီလမ်းတွေကို ပြန်ပြီးထိန်းချင်လို့ပါ။”
လွန်ခဲ့တဲ့ရက်တွေက စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်လာတာကြောင့် ကာကင်းစခန်းတခုကို လက်လွှတ်ခဲ့ရပေမဲ့ ပြန်လည်သိမ်းပိုက်ရရှိထားပြီး တပ်စခန်းတွေ လက်လွှတ်လိုက်ရတာတော့ မရှိသေးဘူးလို့ ဝိုင်းမော်မြို့နယ်က ရှေ့တန်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ကျနော်တို့ဘက်တော့ ဆုတ်ပေးလိုက်ရတာ မရှိဘူး။ အစ သူတို့ အင်အားအများကြီးနဲ့ လာတိုက်တုန်းကတော့ အငိုက်မိပြီး ခဏ နောက်ဆုတ်ပေးလိုက်ရတာရှိတယ်။ အဲဒီနောက် ပြန်တိုက်တော့ ပြန်ရထားပြီ၊ တခြားဆုတ်ပေးလိုက်ရတာတော့ မရှိဘူး။”
စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးလိုက်တဲ့ ကချင်ပြည်နယ် အရှေ့ခြမ်းက နယ်စပ်ဒေသတွေကို ပြန်လည်ရရှိဖို့ ဝိုင်းမော်-ကန်ပိုင်တီလမ်းပိုင်းနဲ့ ခေါင်းလန်ဖူးကနေတဆင့် ဆော့လော်မြို့နယ်ဘက်ကိုလည်း ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။