Home
မြန်မာသတင်း
ခင်ဦးမြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးအပါအဝင် အများအပြားသေဆုံး
DVB
·
September 25, 2025

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို ဝင်လာတဲ့ အင်အားရာချီ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် အရာရှိနဲ့ စစ်သားအများအပြား သေဆုံးခဲ့ပါတယ်။

ခင်ဦးမြို့နယ်ထဲကို စက်တင်ဘာ ၁၈ ရက်မှာ စတင်ဝင်ရောက်ခဲ့တဲ့ အင်အားရာချီစစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၄ ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာ ၂၂ ရက်မှာ စစ်ကြောင်းတခုလုံး ပျက်သွားပြီး စစ်ကောင်စီတပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်၊ ဗိုလ်ကြီးအဆင့်၊ တပ်ကြပ် အပါအဝင် တပ်သားအများအပြား သေဆုံးခဲ့ပြီး သုံ့ပန်း ၂ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ခင်ဦးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ခင်ဦးမှာ အထိုင်ချထားတဲ့တပ်နဲ့ ဘုတ်ကုန်းဘက်ကထွက်တဲ့ စစ်ကြောင်းထဲမှာပါလာတဲ့ တပ်နဲ့ တပ် Change တဲ့သဘောပေါ့။ ၁၈ ရက်နေ့က ထွက်တဲ့အခါကျတော့ ထိတွေ့တိုက်ပွဲ ဖြစ်တဲ့အခါမှာ သူတို့ဘက်က ၁၁ ယောက် ကျတယ်လို့ သတင်းရတာပေါ့။ အဲဒီမှာ သူတို့ပြန်ခေါက်သွားပြီးတော့ ၄ ရက်မြောက်တဲ့နေ့ကျမှ တခါ လက်ပံလှရွာနဲ့ သံဘိုကျေးရွာကြားက လယ်တောတွေကြား ဇီးပင်ကန်ကြားမှာ သူတို့ရောက်နေပြီ သတင်းရတော့ ကျနော်တို့ရဲဘော်တွေက တညလုံးပေါ့လေ၊ စောင့်ရင်းနဲ့ အမဲလိုက်သလို လိုက်ရင်းနဲ့ပေါ့၊ ပတ်ခွေလိုက်ရင်းနဲ့ မနက် ၉ နာရီ ၁၀ နာရီလောက်ကျတော့ တိုက်ပွဲစတော့တာပေါ့။ ရေအေးကုန်းကျေးရွာရဲ့ အရှေ့မြောက်ဘက်မှာ တိုက်ပွဲဖြစ်တာပေါ့။ ပြင်းပြင်းထန်ထန် အဆုံးသတ်တိုက်ပွဲပေါ့ဗျာ။ ကျနော်တို့ တက်လုံးကြပြီ။ သူတို့လည်း ထွက်ပြေးတဲ့ကောင်ကပြေး၊ ကျတဲ့ကောင်ကကျ၊ လက်နက်ကြီးတွေကတော့ တရစပ် ပစ်တာပေါ့ဗျာ၊ အကြိမ်ရေကို မရေနိုင်ပါဘူး။ ဘုတ်ကုန်းရဲ့မြောက်ဘက် ဘုရား ၅ ဆူနားလေးက ကုန်းပေါ်က ပစ်တယ်လို့ သတင်းရတာပေါ့။ တကယ်ကို ပွဲကြီးပွဲကောင်းကို ရလိုက်တယ်။ ယုံကြည်မှုတက်တယ်။ စစ်ကြောင်းကြီးတကြောင်းလုံးကို ကျနော်တို့ အပျောက်နီးပါး ဖျောက်နိုင်ခဲ့တာပေါ့” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက် ညပိုင်းမှာ ခင်ဦးနယ်၊ မကျီးတုံရွာ ပျူစခန်းကနေ ရွှေဘို အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ ဘုတ်ကုန်းရွာ ပျူစခန်းဆီကို စစ်ကောင်စီတပ်သားတွေ ပြန်ထွက်ခွာချိန်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ကြောင်းဟာ ရွှေဘိုအမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေတဆင့် ခင်ဦးနယ် ဘုတ်ကုန်းရွာ ပျူစောထီးစခန်းနဲ့ မကျီးတုံရွာ ပျူစောထီးစခန်းတွေကို လက်နက်နဲ့ ရိက္ခာ ချိတ်ဆက်ထောက်ပို့ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ခင်ဦးဒေသခံ အမျိုးသမီးတယောက်က “ရွာနဲ့ ၃-၄ မိုင်ရောက်တော့မှ သတင်းရတော့ ကြိုတင်ပြင်ဆင်မှုဆိုတာ ပြည်သူတွေမှာ မရှိဘူးရှင့်။ တချို့ဆို ခါးဝတ်ခါးစား၊ စားဖို့သောက်ဖို့လည်း မသယ်နိုင်ကြဘူး၊ သူခိုးဉာဏ်ပေါ့၊ ခိုးကြောင်ခိုးဝှက်နဲ့လာတယ် ဝင်တယ်ပေါ့။ သတင်းကလည်း ကြိုတင်ကြားထားမှု မရှိတဲ့အခါ ရောက်တော့ ဖြစ်သလိုနဲ့ ထွက်ပြေး၊ တချို့ဆို ထမင်းတောင်မှငတ်တဲ့ အခြေအနေမျိုးပေါ့နော်။ စားဖို့သောက်ဖို့တောင် မသယ်နိုင်ဘူး။ အဲဒီနေ့ကဆိုရင် မိုးတွေကလည်း ရွာတယ်၊ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေပေါ့၊ မိုးရွာလို့ လမ်းမကောင်းတဲ့အခါကျတော့ ပြေးဖို့အဆင်မပြေဘူး။ တချို့ဆိုရင် စပါးပင်တွေကြားထဲမှာ ဝပ်ပြီးတော့ ပုန်းနေရတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်။ မိုးက ဆက်တိုက်ကိုရွာနေတာ။ ပြည်သူတွေအနေနဲ့ အရမ်းဒုက္ခရောက်တယ်။ ဒီလိုမျိုး တော်လှန်ရေးအဖွဲ့သား ကလေးတွေအနေနဲ့ ဒီလိုတိုက်ပေးတဲ့အတွက် ကျမတို့ကတော့ အတိုင်းမသိ ဝမ်းသာပါတယ်ရှင့်” လို့ ပြောပါတယ်။

ခင်ဦးနယ် ကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီအရာရှိတွေ အပါအဝင် သေဆုံးစစ်သားတွေရဲ့ ရုပ်အလောင်းတွေကို နယ်မြေရှင်းလင်းရေး လုပ်ပြီးနောက်မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးထားတဲ့ သုံ့ပန်း ၂ ယောက်ကို လိုအပ်တဲ့ ဆေးကုသမှုတွေ ပြုလုပ်ပေးထားပြီး စစ်ဘက်ဆိုင်ရာ သက်ဆိုင်တဲ့ဌာနက ထိန်းသိမ်းထားတယ်လို့ ခင်ဦးပကဖရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013