ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းကို စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ကာမီကာဇေ မောင်းသူမဲ့ဒရုန်းနဲ့ တိုက်ခိုက်လို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ကာမီကာဇေ မောင်းသူမဲ့ဒရုန်းကို မြဝတီအခြေစိုက် ခလရ ၂၇၅ ဘက်ကနေ လွှတ်တင်တာဖြစ်ပြီး မြဝတီမြို့တောင်ဘက် ၈ မိုင်လောက်မှာရှိတဲ့ ဖလူးရွာကို တိုက်ခိုက်တာလို့ ဒေသခံ ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖလူးရွာမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ရွာသားတွေက မနေရဲကြတော့ဘဲ ကြိုတင်စစ်ရှောင်နေကြလို့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ လူတွေ ထိခိုက်သေဆုံးတာ မရှိပေမဲ့ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းကတော့ ပျက်စီးသွားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် လေးကေ့ကော်မြို့သစ်အနီးတဝိုက်မှာ စက်တင်ဘာလ ၂၂ ရက်ကစတင် ဖြစ်ပွားတဲ့ တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီတပ်က အရာရှိ စစ်သည် ၁၅၀ လောက် သေဆုံးခဲ့တယ်လို့ မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဆက်သွယ်ရေး တာဝန်ရှိသူ တယောက်က ပြောပါတယ်။
Photo:ဖိုးစီ/ DVB