
စစ်ကိုင်းတိုင်းအထက်ပိုင်းက ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက် မြို့နဲ့ ၁၀ မိုင် အကွာအဝေးရှိတဲ့ ခမိုးပတ်ဝန်းကျင်မှာ စက်တင်ဘာ ၂၃ ရက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ဗန်းမောက် ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်တော် (SNA) တပ်ဖွဲ့တွေက ဗန်းမောက်မြို့ကနေ ဆုတ်ခွာသွားပြီးနောက် ကာကင်းအများအပြားတွေ ပြုလုပ်ထားပြီးတော့ ခမိုးကုန်းကိုတော့ စက်တင်ဘာ ၂၃ ရက်မှာ ထပ်မံသိမ်းပိုက်ရရှိခဲ့ကာ ကာကင်းကုန်းတွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။
ဗန်းမောက် ရှေ့တန်း သတင်းရင်းမြစ်တယောက် “အဲဘက်မှာ တိုက်ပွဲတွေဖြစ်တယ်။ သူတို့ (SNA) ဗန်းမောက်ကနေ ဆုတ်သွားပြီးတော့ ကာကင်းတွေ အများကြီးထားတယ်။ အခုတော့ ဒီကုန်း(ခမိုးကုန်း)ကောရပြီး တခြားကုန်းတွေ အများကြီးရှိသေးတယ်၊ သူတို့က တခြားတွေမှာကော ဖြန့်ပြီးနေထားတာ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက် ညနေပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ ခမိုးပတ်ဝန်းကျင်းကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မနေ့ညပိုင်းက လေယာဉ်ကြဲသွားတယ်လေ။ ဗန်းမောက်ဘက်မှာလည်း ၇ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားနေတဲ့ ဘက်ကို လာကြဲသွားတယ်၊ လေယာဉ် ၂ စီးနဲ့ လာကြဲသွားတယ်။”
စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီ တပ်သားတယောက် MA-1 သေနတ်တလက်နဲ့ အလင်းဝင်လာသလို စက်တင်ဘာ ၂၃ ရက်နေ့ ခမိုးတိုက်ပွဲအတွင်းမှာလည်း SNA တပ်သား ၂ ယောက်ကို လက်နက်အပြည့်အစုံနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်း သတင်းရင်မြစ်တယောက်ဆီက သိရပါတယ်။
ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀ ရက်နေ့မှာ မြို့ကို သိမ်းပိုက်နိင်ခဲ့တာ ဖြစ်ပါတယ်။