Home
မြန်မာသတင်း
ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာဝန်းကျင်၌ တိုက်ပွဲဆက်ဖြစ်နေ
DVB
·
September 23, 2025

မကွေးနဲ့ ရခိုင်အစပ်၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဂုတ်ကြီးရွာက ဒေသခံတွေကိုလည်း တိမ်းရှောင်ကြဖို့ အကြောင်းကြားထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာနဲ့ လူအင်အားတွေဖြည့်ပြီး ရှေ့ကိုတက်ဖို့ ကြိုးစားနေလို့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်နဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းမှာပဲ စစ်တပ်က တပ်မ ၉၉ လက်အောက်ခံတပ်တွေကို အနားပေးပြီး စကခ ၁၇ လက်အောက်ခံတပ်တွေနဲ့ အစားထိုး တပ်ပြောင်းထားသလို အခုနောက်ပိုင်း ကပစ ၁၄ ကနေလည်း တောလမ်းအတိုင်း တပ်ကူတွေပို့တာ ရှိတယ်လို့ ရှေ့တန်းနဲ့ အဆက်အသွယ်ရှိသူက ပြောပါတယ်။

ရှေ့တန်းနဲ့နီးစပ်သူ စစ်ရေးရင်းမြစ်က “အတက်၊ အဆုတ် လုပ်တာ ကပစ ၁၄ ကနေပြီးတော့ ဖြတ်တက်တာ၊ သူတို့က အဲဒီမှာ ကားလမ်းအသုံးမပြုဘူး။ မိုးတွင်းက ကားလမ်းသုံးလို့မရဘူး။ ရှောက်ရင်း၊ ရှောင်ရင်းပြီးလို့ရှိရင် အထက်မှာဘာရှိလဲဆိုရင် အဲကနေပြီးတော့ တင်ပြင်းတို့၊ လိုင်တို့၊ နောင်တို့ အဲဒီလမ်းကနေပြီး ဖောက်တက်သွားတာ။ ခြေလျင်တက်တာနော်။ အဲလမ်းအသုံးပြုနေတော့ သတင်းက ပျောက်ပျောက်နေတာ။ ကားနဲ့တက်ရင်တော့ မစခ ၉၀၅ ကနေ ထွက်ပြီဆိုကတည်းကိုက ကားက အဲကနေပြီးတော့ သတင်းကရတယ်လေ။ လိုင်တို့၊ ဟိုဘက် တင်ပြင်းတို့၊ နောက် ဒီဘက် ဂုတ်ကြီးတို့မှာတော့ မကြာခဏ ထိတွေ့မှုတွေရှိတယ်” လို့ ပြောပါတယ်။

တောင်ကြောပေါ်က စစ်ကောင်စီတပ်ရဲ့ အင်အားအတိအကျကို မသိရပေမဲ့ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၁ နာရီလောက်မှာပဲ စပ်စီရွာဘက်ကနေ အင်အားအပြည့်ပါတဲ့ ကားကြီးတစီး၊ ဂုတ်ဝရွာဘက်ကနေ တပ်သား ၃ ယောက်ပါတဲ့ ကားသေးတစီး တက်လာတာမြင်ရကြောင်း ဒေသခံကလည်း ပြောပါတယ်။

ဒါ့အတူ အခုလထဲမှာပဲ အာရက္ခတပ်တော် (AA) က ကာကင်းတခုကို ထပ်ပြီး ရှင်းလင်းနိုင်ခဲ့တဲ့နောက် စက်တင်ဘာလဆန်းပိုင်းကစလို့ ဂုတ်ကြီးရွာက ဒေသခံတွေကို တောင်အောက်ဆင်းကြဖို့ စစ်တပ်ကပြောတဲ့အကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်နေပါတယ်။

ဂုတ်ကြီးရွာခံ စစ်ရှောင် အမျိုးသားတယောက်က “တဝက်နီးပါးတော့ ရှိဦးမှာပေါ့၊ တဝက်။ ကျနော်တို့က အိမ်ခြေ ၂၀၀ လောက် ရှိတာကိုး။ တချို့ကလည်း အိမ်မှာလူရှိပေမဲ့ မိသားစု မစုံတော့တာတွေ၊ တခြားမှာ ဥပမာ အဝေးမှာ အလုပ်သွားလုပ်တာနဲ့ ဘာနဲ့ဆိုရင် ၂၀၀ ဝန်းကျင်တော့ ရှိဦးမလားပဲလေ။ ခန့်မှန်းကြည့်တာပေါ့နော်။ တချို့လည်း တခြားမှာနေရမယ်ဆိုရင်၊ တခြားကို သွားမယ်ဆိုရင် ငွေရေးကြေးရေးကအစ လိုလာပြီလေ။ မှီခိုရမယ့် အိမ်ကောင်းကောင်းမရှိရင် ထွက်ဖို့ဘယ်လွယ်မလဲ။ ဟိုမှာပဲ တသက်လုံးနေလာတဲ့သူတွေ၊ အသက်ကြီးတဲ့သူတွေ ဆိုရင်လည်း ဘယ်မှခရီးမသွားဘူးတဲ့ လူတွေလည်း ရှိတယ်လေ။ အဲလိုလူလည်း ကျန်ခဲ့တာပေါ့။ ကိုယ့်အနီးအနားဖြစ်နေပြီ ဆိုရင်တော့လည်း ရှောင်တော့ ရှောင်ရမှာပေါ့လေ” လို့ ပြောပါတယ်။

တဖက်မှာလည်း ပဒါန်းဒေသခံတယောက်က ဂုတ်ကြီးရွာဘက်ကနေ မိသားစုအနည်းငယ် ဆင်းလာတာ တွေ့ရသလို ရွာလုံးကျွတ်ရွှေ့ခိုင်းတဲ့ ကောလာဟလတွေလည်း ထွက်နေပေမဲ့ သူ့အနေနဲ့ အသေးစိတ် အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာကြောင့် စွန်တက်ကျေးရွာနားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ရုပ်အလောင်း ၆၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းမိတဲ့အကြောင်း AA က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ဖူးပါတယ်။

နတ်ရေကန်စခန်းဟာ ရခိုင်နဲ့ မကွေးကို ချိတ်ဆက်ထားတဲ့ အမ်း-မင်းဘူး လမ်းပေါ် တည်ရှိပြီး ၂ ဖက်လုံးအတွက် စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013