Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ AA နဲ့ ARSA တိုက်ပွဲပြင်းထန်
DVB
·
September 23, 2025

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစည်းမျဉ်းအနီးမှာ အာရက္ခတပ်‌တော် (AA) နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့ (ARSA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

မောင်တောမြို့နယ်၊ အင်းချောင်းကျေးရွာအနီးမှာရှိတဲ့ အာရက္ခတပ်တော် (AA) ရဲ့ တပ်စခန်းတခုကို ARSA က စက်တင်ဘာ ၁၆ ရက်ကတည်းက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး AA ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ တန်ပြန်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“အင်းချောင်းတို့ ကျောက်လုံးတို့ အနီးမှာ ဒီနေ့လည်း တိုက်ပွဲတွေက ရှိနေသေးတယ်။ တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်။ အဲဒီက မွတ်ဆလင် အကြမ်းဖက် ARSA တွေက AA စခန်းကို ဝင်တိုက်တာက နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြတာ။ AA ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။”

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ နယ်ခြားစည်းမျဉ်း မိုင်တိုင် ၀ ရဲ့ မြောက်ဘက် ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အခုတိုက်ပွဲဖြစ်ပွားနေတဲ့ အင်းချောင်းကျေးရွာအနီးမှာ ARSA အဖွဲ့က အခြေစိုက်လှုပ်ရှားနေတာလို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ARSA လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်ပြီး နတ်မြစ်နဲ့ မေယုတောင်ကြောမှတဆင့် စိမ့်ဝင်လှုပ်ရှားပြီး တိုက်ပွဲနဲ့ အကြမ်းဖက်မှုလုပ်ငန်းတွေကို ဖော်ဆောင်နေတယ်လို့ AA က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်က အာဏာပိုင်တွေဟာလည်း မွတ်ဆလင်လက်နက်ကိုင်တွေကို လက်ခံထားပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ဘက်ရှိ တောင်ပြိုမြို့နဲ့ အနီးပတ်ဝန်းကျင်ကို တိုက်ခိုက်သိမ်းယူဖို့ မွတ်ဆလင်လက်နက်ကိုင်တွေကို စေခိုင်းမှုတွေရှိတယ်လို့ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စက်တင်ဘာ ၁၉ ရက်ထုတ် ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

မောင်တောမြောက်ပိုင်းမှာ ARSA တွေရဲ့ အကြမ်းဖက်မှုတွေဟာ ဒေသခံတွေအတွက် လုပ်ကိုင်စားသောက်ဖို့ အတော်လေး ခက်ခဲစေတယ်လို့ မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာသား အမျိုးသားတယောက်က ပြောပါတယ်။

“မွတ်ဆလင် လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ကျနော်တို့လည်း ကူးသန်းရောင်းဝယ်ဖို့ အဆင်မပြေဘူး။ တောင်ယာလုပ်ငန်းလည်း မလုပ်ရဲကြတော့ဘူး။ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလည်း ARSA တွေက လမ်းမှာတွေ့ရင် သတ်တယ်။ တောင်ယာတွေသွားလည်း ARSA နဲ့ တွေ့ရင် အသက်ရှင်ဖို့ဆိုတာ မရှိတော့ဘူး။ အခု ရိတ်သိမ်းချိန် ရောက်တော့မယ်၊ အကြမ်းဖက်သမားတွေရှိလို့ တယောက်မှ တောင်ယာကို မသွားရဲကြဘူး။”

ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AA ကို တိုက်ခိုက်ခဲ့သလို စစ်ကောင်စီ ရှုံးနိမ့်ခဲ့ပြီးနောက် မောင်တောမြောက်ပိုင်းမှာ AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို ချုံခိုတိုက်ခိုက်တာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မွတ်ဆလင် လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာနေတဲ့အတွက် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမယ်လို့လည်း စက်တင်ဘာ ၁၉ ရက်မှာ AA ဘက်က ကြေညာခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013