
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ဘေးရှောင် ၆ ယောက်ကို အာရက္ခတပ်တော် AA သတင်းတပ်ဖွဲ့ဝင်တွေလို့ စစ်ကောင်စီတပ်ကစွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်ည ၆ နာရီလောက်က လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်းနဲ့ဇီးပင်ကွင်းကျေးရွာမှာရောက်ရှိနေတဲ့ ရခိုင်လူမျိုး စစ်ဘေးရှောင် ၆ ယောက်ကို ဖမ်းဆီးသွားတာလို့သိရပါတယ်။
ဖြစ်စဉ်ကို သိသူတယောက်က “အဖမ်းခံရတဲ့ ၆ ယောက်က ရခိုင်တိုင်းရင်းသားတွေပါ။ စစ်ရှောင်တွေချည်းပဲ။ အုပ်ချုပ်ရေးမှူးက သတင်းအမှားပေးပြီးတော့ ဖမ်းခိုင်းတာ။ စစ်ကောင်စီတပ်က AA တပ်နဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ။ အမျိုးသားတွေချည်းပဲ” လို့ ပြောပါတယ်။
အဖမ်းခံရသူတွေနဲ့ ဒီနေ့ စက်တင်ဘာ ၂၀ ရက် နေ့အထိ အဆက်အသွယ်မရဖြစ်ပြီး အာရက္ခတပ်တော် AA တပ်သားလို့ စွပ်စွဲထားတာကြောင့် အကြောင်းမဲ့ သတ်ဖြတ်ခံရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ရခိုင်ဘက်ကနေလာလို့ ဖမ်းဆီးထားသူတွေကို တပ်က တိုက်ရိုက်စစ်ဆေးနေတယ်လို့သိရပါတယ်။ AA တပ်သားတွေဆိုပြီး ဖမ်းတာမှန်တယ်။ အဖမ်းခံရသူတွေက ယောကျ်ားလေးတွေချည်းပဲ” လို့ ပြောပါတယ်။
စက်တင်ဘာလ ပထမအပတ်ကစတင်ပြီး ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်စောင့်ဖမ်းဆီးတာတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ရေကြည်၊ သာပေါင်း၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ စတဲ့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာပါ အင်အားထပ်ဖြည့်ထားပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။