
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်ရဲ့ နေရာဒေသတချို့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့က ဥပဒေချိုးဖောက်တာနဲ့ အကြမ်းဖက်တာတွေလုပ်နေလို့ လုံခြုံရေးတိုးမြှင့်သွားမယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
AA အနေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ လုံခြုံရေးတွေကို တာဝန်ယူဆောင်ရွက်ရင်း စစ်အုပ်စုရဲ့ တန်ပြန်ထိုးစစ်တွေကိုလည်း ခုခံစစ်အဖြစ်ဆင်နွှဲနေလို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်နဲ့ မောင်တောခရိုင်နေရာတချို့ကို လုံခြုံရေးအချိန်ပြည့် မဆောင်ရွက်နိုင်တာကို အခွင့်ကောင်းယူပြီး ARSA နဲ့ RSO အဖွဲ့ဟာ နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းတွေကနေတဆင့် မောင်တောခရိုင်ထဲကို စိမ့်ဝင်လာတယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ လူသူကင်းဝေးတဲ့ တောတောင်တွေနဲ့ လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ်သွားလာနေကြတဲ့ ဒေသခံတွေထဲက မွတ်ဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်း ပစ်ခတ်တာ၊ ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး AA နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ပုံစံမျိုး တိုက်ပွဲအတုတွေဖန်တီးပြီတော့ ထောက်ခံမှုတွေပိုရလာအောင် ဝါဒဖြန့်တာတွေ လုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒီလို လုပ်ရပ်တွေကြောင့် ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအရသတိထားကြဖို့၊ တောတောင်ထဲနဲ့ လူပြတ်တဲ့နေရာတွေကို သွားလာကြတဲ့ အချိန်တွေမှာ တဦးတည်း ဒါမှမဟုတ် လူအနည်းစုနဲ့ သွားလာကြတာတွေကို ရှောင်ရှားကြဖို့၊ ကျန်းမာရေးကိစ္စလိုမျိုး အရေးကြီးကိစ္စတွေရှိရင် ULA/ AA ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနီးစပ်ဆုံး နေရာတွေမှာ သတင်းပေးပို့ပြီးမှသွားလာကြဖို့ကိုလည်း ထုတ်ပြန်ချက်ကတဆင့် သတိပေး တိုက်တွန်းထားပါတယ်။