Home
မြန်မာသတင်း
မူးယစ်ဆေးဝါး တင်သွင်းမှုနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်စွပ်စွဲချက် AA တုံ့ပြန်
DVB
·
September 18, 2025
Photo: Mokammel Shuvo

ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးသမားတွေ ရခိုင်ပြည်နယ်ကနေ မူးယစ်ဆေးဝါး တင်သွင်းကြရာမှာ အာရက္ခတပ်တော် (AA) ပါဝင်ပတ်သက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ စွဲစွပ်ချက်တွေဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံစွပ်စွဲချက်ဖြစ်တယ်လို့ AA ဘက်ကတုံ့ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူးယစ်ဆေးဝါးကုန်သွယ်မှုတွေမှာ အာရက္ခတပ်တော် ပါဝင်တယ်လို့ စွပ်စွဲချက်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) အရာရှိတွေရှိရဲ့ အကျိုးစီးပွားပါဝင်နေမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“BGBက စွပ်စွဲသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ မူးယစ်ဆေးဝါးတွေကို AA ထိန်းချုပ်နယ်မြေက သွားယူနေကြတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဒါဟာအခြေအမြစ်မရှိ တဖက်သတ်လုပ်ကြံစွပ်စွဲချက်ပဲဖြစ်ပါတယ်။ နယ်စပ်က စစ်ကောင်စီလက်ထက်က မူးယစ် လုပ်ငန်းနဲ့ အကျိုးစီးပွားဆက်စပ်နေတဲ့ ဘင်္ဂလားနယ်ခြားစောင့်တပ်တွေဟာ သူတို့ အကျိုးစီးပွား ပျက်သွားတဲ့အတွက် AA အပေါ်မှာ နည်းမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်လာတာတွေ၊ လူသားချင်းစာနာမှု အထောက်အကူပစ္စည်းတွေ ဖြစ်တဲ့ ဆေးဝါးနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေကို အာရက္ခပြည်ဘက် လုံးဝမရောက်ရအောင် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် နယ်စပ်မှာ ဘာဖြတ်သန်းသွားလာမှုမှ လုပ်လို့ မရပါဘူး။ အခု BGB sector commander ရဲ့ စွပ်စွဲပြောဆိုမှုဟာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ သူတို့ အကျိုးစီးပွားပတ်သက်နေမှုကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရမ်းသန်းစွပ်စွဲ ပြောဆိုချက်တွေသာ ဖြစ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဟာ မွတ်ဆလင် အကြမ်းဖက်အဖွဲ့အစည်းတွေကို သင်တန်း ပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေ ပြုလုပ်ပေးနေပြီး လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှု၊ မုဒိမ်းမှု၊ မူးယစ်မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှု အစရှိတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ဖို့အတွက် ကျောထောက်နောက်ခံပေးထားပြီး အကျိုးအမြတ် ရယူနေကြတယ်လို့ AA ဘက်က ပြောပါတယ်။

ဘင်္ဂလားလားဒေ့ရှ်နိုင်ငံဘက်ကို  မူးယစ်ဆေးဝါးတင်သွင်းနေမှုတွေမှာ အာရက္ခတပ်တော်(AA)က ပတ်သက်နေတယ်လို့ စက်တင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်ခြားစောင့်တပ်အကြီးအကဲက ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းစာက ဖော်ပြပါတယ်။

ကော့ဇ်ဘဇားဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ ရာမူးဒေသဌာနခွဲ လက်ထောက်ညွှန့်ကြားရေးမှူး ဗိုလ်မှူးကြီး မိုဟီဒင်အာမက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးသမားတွေ ရခိုင်ပြည်နယ်က မူးယစ်ဆေးဝါး  တင်သွင်းကြရာမှာ အာရက္ခတပ်တော်  ပတ်သက်နေတယ်လို့ သတင်းထောက်တွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး မိုဟီဒင်အာမက်က “ကျနော်တို့ နိုင်ငံက မသမာသူတချို့ဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အာရက္ခတပ်တော်ဆီက မူးယစ်ဆေးဝါးတွေကို ဝယ်ယူပြီး ဘင်္ဂလားဒေ့ရှ်ကို တင်သွင်းနေကြတယ်။ ဒီလို မူးယစ်ဆေးဝါးတင်သွင်းမှုက နိုင်ငံအတွင်းက လူငယ်တွေနဲ့ နိုင်ငံစီးပွားရေးအပေါ်မှာ အလွန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်” လို့ ပြောဆိုခဲ့ပါတယ်။

မူးယစ်ဆေးဝါး ပို့ဆောင်သူတွေဟာ ရိုဟင်ဂျာတွေဖြစ်ကြပြီးတော့ မူးယစ်ဆေးဝါးတင်ပို့မှု ၈၀ ရာခိုင်နှုန်းကို ပင်လယ်ရေကြောင်းကနေ တဆင့်တင်ပို့နေကြတာလို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီး မိုဟီဒင်အာမက် ပြောပါတယ်။

လက်ရှိမှာ မူးယစ်ဆေးတွေ တင်သွင်းတဲ့ လမ်းကြောင်းဖြစ်တဲ့ တက္ကနဖ်ကမ်းခြေတလျောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ထားပြီးတော့ နယ်ခြားစောင့်တပ်၊ ရေတပ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်တွေ ပူးပေါင်းပြီး စောင့်ကြည့်တားဆီးနေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ဒါအပြင် အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ် ရေပိုက်နက်ထဲကို ဝင်ရောက်ပြီးတော့ တကြိမ် တခါမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတွေကို ဖမ်းဆီးခဲ့တာမှ မရှိဘူးလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော်တို့အကြားမှာ ရေပိုင်နက်ကျူးကျော် ငါးခိုးဖမ်းတာတွေ၊ မွတ်ဆလင် ဒုက္ခသည်ကိစ္စတွေနဲ့ မွတ်ဆလင် လက်နက်ကိုင်ကိစ္စတွေကြောင့် ဆက်ဆံရေး တင်းမာမှုတွေ ရှိနေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အာရက္ခတပ်တော်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ် ၃ ခုလုံးကို ထိန်းချုပ်ထားပြီး နယ်စပ်မှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး၊ နယ်စပ်လုံခြုံရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024