
အယ်လ်ဆာလ်ဗေးဒေါရေတပ်ဟာ ဗဟိုအမေရိကနိုင်ငံတောင်ပိုင်းရှိ ပစိဖိတ်သမုဒ္ဒရာအတွင်း မျောပါနေတဲ့ မူးယစ်ဆေးဝါး ၁ ဒသမ ၄ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်အရ သိရပါတယ်။
ဒီသိမ်းဆည်းရမိမှုဟာ ရေတပ်စစ်ဆင်ရေးနဲ့ပတ်သက်ပြီး မူးယစ်မှောင်ခိုသမားတွေကို လျှို့ဝှက်သတင်းပေးမှု ရှိခဲ့တယ်လို့ ခန့်မှန်းရပြီး အဖမ်းဆီးခံရခြင်းက လွတ်မြောက်ဖို့ သင်္ဘောကို စွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ ယူဆရကြောင်း ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရီနီမဲရီနိုက ပြောပါတယ်။
သူတို့ရဲ့ နောက်ဆုံးခရီးပန်းတိုင်ဖြစ်တဲ့ အမေရိကန်လူ့အဖွဲ့အစည်းဆီကို ရောက်မယ့် မူးယစ်ဆေး ၁ ဒသမ ၄ တန်ကို တားဆီးနိုင်ခဲ့တာပါလို့ ဆိုပါတယ်။
အဲဒီသင်္ဘောကို အယ်လ်ကော်ဒွန်စီလိုကျွန်း အနောက်တောင်ဘက် ရေမိုင် ၉၀၀ လောက်အကွာမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အခုဖမ်းဆီးရမိမှုဟာ နိုင်ငံတကာ မူးယစ်ဆေးဝါးကွန်ရက်တွေကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ရှေ့နေချုပ် ရိုဒေါ့လ်ဖှို ဒယ်လ်ဂါဒိုက ပြောဆိုပါတယ်။
“ဒီမူးယစ်ဆေးဟာ ဒေသတွင်းရဲ့ ကျန်းမာရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုကွန်ရက်တွေကို စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးရမိမှုတိုင်းဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုကနေ အကျိုးအမြတ်ရရှိနေတဲ့ ရာဇ၀တ်ကောင်တွေကို ထိထိရောက်ရောက် ထိခိုက်စေပါတယ်။ သိမ်းဆည်းရမိတဲ့ ပမာဏတိုင်းဟာ သူတို့ရဲ့ ဝင်ငွေ၊ လုပ်ငန်းဆောင်ရွက်မှုနဲ့ နိုင်ငံတော် အကျင့်ပျက်ခြစားနိုင်မှုတို့ကို တိုက်ရိုက် အထိနာစေတယ်။”
အခုနောက်ဆုံး ဖမ်းဆီးရမိတဲ့ ဒေါ်လာ ၃၅ သန်းလောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကြောင့် ၂၀၂၅ ခုနှစ်က ပင်လယ်ပြင်မှာ ကြားဖြတ်ဖမ်းဆီးရမိတဲ့ စုစုပေါင်း မူးယစ်ဆေးဝါး ပမာဏဟာ ၂၁ ဒသမ ၀၆ တန်လောက်အထိ ရှိလာပြီလို့ ဆာလ်ဗေးဒေါအစိုးရက ပြောကြားခဲ့ပါတယ်။
သမ္မတ နာယစ်ဘ် ဘူကီလီ တက်လာပြီးကတည်းက အာဏာပိုင်တွေဟာ မူးယစ်ဆေးဝါး ၇၁ တန်ကျော်ကို သိမ်းဆည်းရမိထားပါတယ်။
Source: Reuters