
ကိုလံဘီယာနိုင်ငံမှာ နှစ်ပေါင်းများစွာ စံချိန်တင် ကိုကင်းဖမ်းဆီးရမိမှုနဲ့ ဓာတ်ခွဲခန်းတွေကို ဖျက်သိမ်းမှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက်မှာ ကိုလံဘီယာရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အသိအမှတ်မပြုဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရိုက စက်တင်ဘာ ၁၅ ရက်မှာ ရှုတ်ချခဲ့ပြီး နိုင်ငံရေးအရ လှုံ့ဆော်မှုနဲ့ တရားမျှတမှု မရှိဘူးလို့ ခေါ်ဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ သေဆုံးခဲ့ရတဲ့ ကိုလံဘီယာရဲတွေ၊ စစ်သားတွေနဲ့ အရပ်သားတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လျစ်လျူရှုလိုက်တာလည်း ဖြစ်တယ်လို့ ပီထရိုက နိုင်ငံတော်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အရာရှိတွေဟာ ရလဒ်တွေထက် အယူအဆသာကို ဦးစားပေးနေကြောင်း စွပ်စွဲလိုက်ပြီး အမှန်တကယ် ဖြေရှင်းနည်းဟာ အမေရိကန်ပြည်တွင်းမှာ မူးယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်ဖို့သာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
ကိုလံဘီယာနဲ့တကွ အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ မြန်မာနဲ့ ဗင်နီဇွဲလား တို့ကိုလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ဝတ္တရားတွေကို ပြည့်မီအောင် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာခဲ့တာပါ။
ပီထရိုရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုကာစိုက်ပျိုးမှုနဲ့ ကိုကင်းထုတ်လုပ်မှုတို့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ အရှိန်အဟုန် မြင့်လာတယ်လို့ ဖော်ပြထားပါတယ်။
ပီထရိုဟာ ကိုလံဘီယာရေပိုင်နက်အတွင်းမှာ လူ ၃ ယောက်အား တင်ဆောင်လာတဲ့ လှေတစီးကို ဖျက်ဆီးတာ အပါအဝင် မကြာသေးမီက အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဝေဖန်ခဲ့ပြီး လူသတ်မှုလို့လည်း ခေါ်ဆိုလိုက်ပါတယ်။
ဖန်တနဲလ် မူးယစ်ဆေးကြောင့် နှစ်စဉ် အမေရိကန်နိုင်ငံသား ၁ သိန်းလောက် သေဆုံးနေမှုကို ထိန်းချုပ်ဖို့အတွက် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေကို အာရုံစိုက် လုပ်ဆောင်လုပ်ဖို့လည်း ပီထရိုက အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။
ကိုလံဘီယာရဲ့ မူးယစ်ဆေး တိုက်ဖျက်မှုတွေကို အသိအမှတ်မပြုတာကြောင့် အမေရိကန်ရဲ့ ရန်ပုံငွေအပေါ် သက်ရောက်မှုရှိနိုင်ပြီး ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကလည်း စစ်ဘက်ဆိုင်ရာ အကူအညီတွေကို ဖြတ်တောက်ဖို့ တွန်းအားပေးနေပါတယ်။
ကိုလံဘီယာနိုင်ငံဟာ မူးယစ်ဆေးဝါးစစ်ပွဲကာလမှာ အမေရိကန်ရဲ့ အဓိက မဟာမိတ် ဖြစ်ခဲ့ပေမဲ့လည်း ပီထရိုရဲ့ လက်ဝဲအစိုးရလက်ထက်မှာ ဆက်ဆံရေး တင်းမာခဲ့ပါတယ်။
Source: Reuters