Home
မြန်မာသတင်း
အိန္ဒိယတွင် မူးယစ်မှောင်ခိုမှုဖြင့် ဖမ်းဆီးခံရသူများအနက် မြန်မာအပါအဝင် ၃ နိုင်ငံက အများဆုံးဖြစ်
DVB
·
September 17, 2025

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ တနှစ်တာအတွင်း မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားအယောက် ၆၆၀ ရှိခဲ့ပြီး အဲဒီထဲမှာ မြန်မာအပါအဝင် ၃ နိုင်ငံက အများဆုံး ဖြစ်တယ်လို့ The Indian Express သတင်းစာမှာ စက်တင်ဘာ ၁၆ ရက်က ဖော်ပြပါတယ်။

အိန္ဒိယ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) က ထုတ်ပြန်တဲ့ နှစ်စဉ်အစီရင်ခံစာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး နီပေါနိုင်ငံက ၂၀၃ ယောက်နဲ့ အများဆုံးဖြစ်ကာ နိုင်ဂျီးရီးယားနိုင်ငံက ၁၀၆ ယောက်၊ မြန်မာနိုင်ငံက ၂၅ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် အနူရက်ဂ် ဂါ့ဂ်က အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရန်တို့လို မရဏလခြမ်းမြေနဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုတို့လို မရဏတြိဂံဒေသတွေအကြား ပထဝီဝင်တည်နေရာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးတွေ ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးမှာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ပြောပါတယ်။

အစီရင်ခံစာအရ ပန်ဂျပ်ပြည်နယ်ထဲမှာ ဒရုန်းနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၁၆၃ မှုနဲ့ ဘိန်းဖြူ ၁၈၇ ဒသမ ၁၄၉ ကီလိုဂရမ်၊ မက်သာဖက်တမင်းစိတ်ကြွမူးယစ်ဆေးဝါး ၅ ဒသမ ၃၉ ကီလိုဂရမ်နဲ့ ဘိန်း ၄ ဒသမ ၂၂ ကီလိုဂရမ်တို့ကို ကဏ္ဍအသီးသီးကနေ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားတာပါ။

ဒါ့အပြင် ရာဂျာစ်သန်ပြည်နယ်ထဲမှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၁၅ မှုနဲ့ ဘိန်းဖြူ ၃၉ ဒသမ ၁၅၅ ကီလိုဂရမ်ကို တွေ့ရှိခဲ့ပြီး ဂျမ်မူးနဲ့ ကက်ရှ်မီးယားပြည်နယ်တွေထဲမှာတော့ အမှု ၁ ခုနဲ့ ဘိန်းဖြူ ၀ ဒသမ ၃၄၄ ကီလိုဂရမ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှားကတော့ “ကံမကောင်းစွာပဲ တကမ္ဘာလုံးက မူးယစ်ဆေးဝါးတွေ ထောက်ပံ့ပေးနေတဲ့ ဒေသ ၂ ခုဟာ ကျနော်တို့နဲ့ အလွန်နီးစပ်ပါတယ်။ ဒါကြောင့် ဒီအချိန်ဟာ ပြင်းပြင်းထန်ထန် တိုက်ဖျက်ရမယ့် အချိန်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အခုအချိန်က အသေးစား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကိုသာ ဖမ်းဆီးရမှာမျိုး မဟုတ်တော့ဘဲ နိုင်ငံဝင်ပေါက်နေရာတွေက ကူညီနေသူတွေ၊ ပြည်နယ်တွေအတွင်း ဖြန့်ဖြူးရောင်းချသူတွေကိုပါ ပစ်မှတ်ထား အရေးယူနိုင်မယ့် အဆင့်မြင့်ဗျူဟာကို ရေးဆွဲရမှာ ဖြစ်တယ်လို့လည်း ပြောလိုက်တာပါ။

အဆိုပါ မူးယစ်ဆေးဝါးဂိုဏ်းတွေကို တားဆီးနိုင်ဖို့အတွက် လမ်းကြောင်းတွေ ခွဲခြမ်းစိတ်ဖြာမှု၊ ခရစ်ပတိုငွေကြေးခြေရာခံတာ၊ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်မှု စတာတွေလို နည်းပညာတွေ လက်ခံကျင့်သုံးဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

Source: The Indian Express News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013