Home
သတင်းဓာတ်ပုံ
ဗန်းမောက်ကို စစ်တပ်နှင့် SNA တန်ပြန်ထိုးစစ်ဆင်နိုင် (ဓာတ်ပုံ) 
DVB
·
September 23, 2025
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD
Photo: NUG-MOD

ကချင်နဲ့ စစ်ကိုင်းအစပ် ကသာခရိုင်ထဲက ဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်တွေ ဦးဆောင်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ကြေညာပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ SNA ရှမ်းနီတပ်တွေဘက်က တန်ပြန်ထိုးစစ် ဆင်လာနိုင်ခြေ ရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထဲက ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) MOD ရဲ့ အမှတ် ၁ စစ်ဒေသက စက်တင်ဘာ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ဗန်းမောက်မြို့ ဗျူဟာကုန်း၊ ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်နဲ့ SNA တို့ရဲ့ စခန်းကြီး၊ ငယ် ၁၈ ခုထက်မနည်းကို ရှင်းလင်းခဲ့ရပြီး ဗိုလ်တယောက် ပါဝင်တဲ့ ရုပ်အလောင်း ၇ လောင်း အပြင် လက်နက်ခဲယမ်းတွေ သိမ်းမိခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ဆုတ်ခွာသွားတဲ့ SNA တပ်တွေက မြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာက ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတို့မှာ ကာကင်းထိုင်ထားပြီး အများစုကတော့ မြို့နဲ့ ၁၂ မိုင် ဝန်းကျင်အကွာက မံကုန်းနဲ့ အနောက်တောရွာဘက်ကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

PDF နဲ့ နီးစပ်သူ ဒေသခံသတင်းရင်းမြစ်က “ထိုးလာနိုင်ခြေက များတယ်ပေါ့လေ။ ဘာလို့လဲဆိုတော့ ဗန်းမောက်အနောက်ခြမ်း တနယ်လုံးကျတော့ SNA ထိန်းချုပ်ထားတဲ့ နယ်မြေပေါ့လေ။ နောက် SNA ကလည်း အင်အားများတဲ့ထဲမှာ ပါတာကိုး။ စစ်ကောင်စီကလည်း ကောင်းကောင်းမွန်မွန် ထောက်ပံ့ထားတယ်။ နောက် SNA စိုးမိုးနယ်မြေ အနောက်ခြမ်းကျတော့လည်း ရွှေတွေ၊ သစ်တွေက အများကြီးထွက်တာဆိုတော့ သူတို့အတွက် ဘဏ္ဍာရေးပေါ့၊ ငွေကြေးလည်းပြည့်စုံမယ်၊ ဆိုတော့ သူတို့ အများကြီးပြင်ဆင်နိုင်မယ်။ ဗန်းမောက်အနောက်ခြမ်းကနေ မြို့ထဲကို သူတို့ အင်အားအလုံးအရင်းနဲ့ ပြန်ထိုးလာနိုင်တဲ့ အနေအထားတော့ ရှိတယ်” လို့ ပြောပါတယ်။

ဒါကြောင့် တော်လှန်ရေးတပ်တွေက မြို့ကို ကာကွယ်ရဦးမှာဖြစ်သလို ရွှေနဲ့ ကျွန်းသစ် အများအပြားထွက်ပြီး NUG အတွက်သာမက SNA အတွက် အရေးပါတဲ့ မြို့အနောက်ခြမ်းကိုရဖို့ ထပ်ပြီးကြိုးစားရဦးမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

တော်လှန်ရေးတပ်တွေ မြို့ကိုသိမ်းပိုက်လိုက်တဲ့ စက်တင်ဘာ ၂၀ ရက်ကစလို့ မြို့ထဲပိတ်မိနေခဲ့တဲ့ ဒေသခံ ၂,၀၀၀ ဝန်းကျင်ဟာ စစ်ရှောင်နိုင်ခဲ့ကြသလို PDF တွေကလည်း ကူညီကယ်ထုတ်ပေးခဲ့တဲ့အကြောင်း ဒေသခံက ပြောပါတယ်။

မြို့ထဲကနေထွက်လာတဲ့ ဗန်းမောက်မြို့ခံ အမျိုးသားတယောက်ကတော့ စက်တင်ဘာ ၂၂ ရက်၊ နေ့လယ်ပိုင်းအထိ တိုက်ပွဲထပ်ဖြစ်တာ မကြားရသလို ဒေသခံတွေလည်း နီးစပ်ရာကို တိမ်းရှောင်နေတဲ့အကြောင်း ပြောပါတယ်။

“တချို့ မရှောင်နိုင်၊ မတိမ်းနိုင်ပေါ့နော်၊ မြို့ထဲမှာနေတာတောင်မှ ပိုက်ဆံ ၁,၀၀၀၊ ၂,၀၀၀ ခက်ခဲနေတဲ့သူတွေ နည်းနည်းကျဉ်းကျဉ်းတော့ ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်းလောက်တော့ အဲလို မြို့ထဲ ကျန်ခဲ့တဲ့သူလည်း ရှိမယ်ဗျ။ ၄ ပုံ ၁ ပုံကတော့ အနောက်ဘက်ကို ခေတ္တသွားရှောင်တာလည်း ရှိရင် ရှိမယ်ဗျ။ ကျန်တဲ့ဟာကတော့ ပတ်ဝန်းကျင်ကို ကျဲပြန့်ပြီး ရင်းနှီးရာ ရင်းနှီးကြောင်း ရှိတဲ့ဆီကို သွားကြတာပေါ့။ ဒဏ်ရာကတော့ အနည်းငယ်ရတဲ့ သူလေးတွေတော့ အစစင်တွေ၊ ကျည်ဆန် ခြေထောက်ကို လာကျတာတွေတော့ ပါးမယ်ဗျ။ ဟိုလို ကြီးကြီးမားမားကတော့ လေယာဉ်ပျံလည်း မြို့ထဲကို မပစ်သွားဘူးဗျ။”

ဗန်းမောက်ဟာ စစ်ရေးအရ အရေးမပါလောက်ပေမဲ့ ရွှေနဲ့ တွင်းထွက်တွေကြောင့် ဘဏ္ဍာရေးအရ အရေးကြီးသလို ဗန်းမောက်ကို ထိန်းချုပ်နိုင်ရင် ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ကနေ ကချင်ပြည်နယ်နဲ့ ပြည်မကြားကို ဖြတ်တောက်နိုင်မယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

PDF တွေ သိမ်းပိုက်ထားတဲ့ အင်းတော်၊ မော်လူးနဲ့ ပင်လည်ဘူးမြို့တွေအကြား တည်ရှိတဲ့ ဗန်းမောက်မြို့ပေါ်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ မတ်လအထိ မြို့နေလူဦးရေ ၈,၅၃၁ ယောက် ရှိတယ်လို့ သိရပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013