Home
မြန်မာသတင်း
ဗန်းမောက်တိုက်ပွဲ ဆက်ပြင်းထန်နေ
DVB
·
September 21, 2025
BAMAUK21092025

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ထဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ ဝင်ရောက် ထိန်းချုပ်နေရာယူထားပြီး မြို့အနောက်ဘက်ခြမ်းမှာတော့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ရဲ့ ကာကင်းစခန်းတွေ ကျန်ရှိနေသေးတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ကတည်းက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဟာ မြို့အရှေ့ခြမ်းကနေ ဆုတ်ခွာသွားပေမဲ့ မြို့အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြန်လည်စုဖွဲ့နေပြီး မြို့ပေါ်ကိုလည်း လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ မြို့အနောက်ခြမ်းမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“မြို့အကုန်လုံး ရတာမျိုးတော့ မဟုတ်သေးဘူး။ မြို့အနောက်ခြမ်းမှာ SNA နဲ့ စစ်ကောင်စီ စခန်းတွေရှိနေသေးတယ်။ လက်ရှိအချိန်ထိ တိုက်ပွဲကဆက်ဖြစ်နေဆဲပဲ။ အနောက်ဘက်ခြမ်းက တောအုပ်ဆိုတော့ ဆက်ထိုးမလား မသိသေးဘူး၊ ဆက်စောင့်ကြည့်နေတယ်။ လေကြောင်းနဲ့လည်း အပြင်းထန်တိုက်ခိုက်နေတာဆိုတော့လေ”

အစောပိုင်း တိုက်ပွဲအတွင်းပိတ်မိနေခဲ့တဲ့ မြို့ခံ ၂,၀၀၀ ကျော်လောက်ဟာလည်း မြို့ထဲကအနေ အကုန်လုံးနီးပါး တိမ်းရှောင်သွားကြပြီလို့ ပြောပါတယ်။

တိုက်ပွဲအတွင်း လေကြောင်း၊ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပေမဲ့ အသေးစိတ်အချက်လက်ကိုတော့ DVB က စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ NUG အောက်က ကာကွယ်ရေးအဖွဲ့တွေ၊ ဒေသတွင်းက ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း မြို့မကျဖို့ အပြင်းအထန် ခုခံနေခဲ့တာပါ။

တော်လှန်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ မော်လူး၊ အင်းတော်၊ ပင်လည်ဘူးမြို့တို့ကို ဗန်းမောက်မြို့ကနေ စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေက မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024