Home
မြန်မာသတင်း
KIA စစ်ရေးလေ့ကျင့်သည့်နေရာ လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး ၁၇ ဦးသေဆုံး
DVB
·
September 19, 2025
Photo: CJ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ စစ်ရေးလေ့ကျင့်ကွင်းတခုကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက် ညပိုင်းမှာ လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၁၇ ယောက်လောက် သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ KIA ဘက်က ပြောပါတယ်။

KIA တပ်မဟာ ၁၁ နယ်မြေ၊ တပ်ရင်း ၁၂ ကနေ စစ်သင်တန်းပေးဖို့ ပြင်ဆင်နေတဲ့နေရာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်တန်းတက်ဖို့ ရောက်နေတဲ့ အထဲက ၁၇ ယောက် နေရာမှာတင် သေဆုံးပြီး ၁၉ ယောက် အပြင်းအထန် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရတဲ့အထဲ KIA၊ KPDF၊ PDF တပ်ဖွဲ့ဝင်တွေ ပါဝင်တာရှိပေမဲ့ အသေးစိတ် အချက်အလက်တော့ ရောက်မလာသေးဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“ည ၁၁ နာရီလောက် လေကြောင်းနဲ့ ဗုံးကြဲတဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။ သေဆုံးထိခိုက်သူတွေရဲ့ စာရင်းအတိအကျ ကျနော့်ဆီတော့ ရောက်မလာသေးဘူး။ ရွှေကူဘက်ဆိုတော့ KIA တွေရော KPDF တွေရော ပါတယ်။ တခြား PDF တွေလည်း ပါမလားတော့ မသိသေဘူး။ အဲနေရာမှာက တိုက်ပွဲမဖြစ်ဘူး။ သတင်းပေါက်ကြားပြီး ကျနော်တို့တပ်ဖွဲ့တွေ ရှိနေတဲ့နေရာကို အဆင်မြင့် နည်းပညာနဲ့ ရှာပြီး လာတာမျိုး ဖြစ်နိုင်တယ်။”

ဂျက်တိုက်ခိုက်ရေးလေယာဉ် ၃ စင်းနဲ့ စစ်ရေးလေ့ကျင့်တဲ့ နေရာကို ၃ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာကြောင့် သေဆုံးထိခိုက်တာ များသွားတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA ရှေ့တန်းနဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်ကတော့ တပ်ဖွဲ့ဝင်တွေရဲ့ ဖုန်း၊ အင်တာနက်ကတဆင့် ခြေရာခံပြီး လာကြဲတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“စစ်ရေးလေ့ကျင့်ကွင်းနေရာ အတိအကျကို ဗုံးကြဲသွားတာလို့ သိရတယ်။ ပုံမှန် စစ်ရေးလေ့ကျင့်တဲ့ နေရာတော့ မဟုတ်ဘူး။ ရှေ့တန်းမှာ စစ်ရေးလေ့ကျင့်တာ ဆိုတော့ တခါနဲ့တခါက နေရာမတူဘူး၊ ပြောင်းပြီး လုပ်တဲ့သဘောပေါ့။ အခုကလည်း စစ်သင်တန်ပေးဖို့ ပြင်နေတဲ့အချိန်မျိုးမှာ ဖြစ်သွားတာ။ အဓိကတော့ အဲမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်တာနက်၊ ဖုန်းကနေတဆင့် တည်နေရာအတိအကျနဲ့ လာကြဲတဲ့သဘောလို့ တပ်ရင်းက အရာရှိတွေကြားမှာတော့ သုံးသပ် ပြောဆိုနေကြတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တပ် (EAOs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အင်တာနက်ရရှိဖို့ Starlink ဂြိုဟ်တုအင်တာနက်ကို အသုံးပြုပြီး ရှေ့တန်းစစ်မျက်နှာမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီဘက်ကပါ အသုံးပြုတာမျိုး ရှိပါတယ်။

ဒါပေမဲ့ Starlink Router ကနေ ထုတ်လွှင့်တဲ့ RF (Radio Frequency) Signal ကို ကြားဖြတ် ဖမ်းယူပြီး တည်နေရာကို ခြေရာခံနိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တရုတ်နဲ့ ရုရှားကနေ စစ်ရေးလက်နက်အကူအညီအပြင် အဆင့်မြင့်နည်းပညာ အကူအညီတွေ ပိုမိုရရှိလာပြီးနောက် မြို့ပြတွေက အရပ်သားတွေကို အင်တာနက်ကတဆင့် စောင့်ကြည့်ဖမ်းဆီးတာအပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့ ဒေသတွင်းက အင်တာနက် အသုံးပြုတွေကို စောင့်ကြည့်ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013