Home
မြန်မာသတင်း
ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီး ပြည်သူများ ပိတ်မိနေ
DVB
·
September 19, 2025

စစ်ကိုင်း-ကချင်အစပ် ဗန်းမောက်မြို့ဝန်းကျင်မှာ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပေမဲ့ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်တွေက ပြည်သူတွေကို စစ်ရှောင်ခွင့်မပေးတာကြောင့် ဒေသခံ ၁,၀၀၀ ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေက ပိတ်မိပြည်သူတွေကို ထွက်ခွာခွင့်မပေးခဲ့ပေမဲ့ NON CDM ဝန်ထမ်းတွေကိုတော့ SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ခေါ်ထုတ်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မြို့ထဲမှာ ပြည်သူတွေ ပိတ်မိနေတယ်လို့လည်း ကြားသိရတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း SNA နဲ့ စကစ အနည်းအကျဉ်းရှိမယ်။ သူတို့တွေက ထွက်ခွင့်မပေးဘဲနဲ့ ကာထားတယ်။ ထွက်ခွင့်မပေးတဲ့ အခြေအနေပေါ့နော်။ နောက်တခုက ဗန်းမောက်မြို့ထဲမှာရှိတဲ့ NON CDM ဝန်ထမ်းတွေကိုလည်း SNA တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက် အနောက်ခြမ်းကို ခေါ်ထုတ်တာတွေ ရှိတယ်။ အဲဒီ NON CDM တွေထဲမှာမှ ဆေးနဲ့ဆိုင်တဲ့ ဆေးဝန်ထမ်းတွေကို ဦးစားပေး ခေါ်ထုတ်သွားတဲ့ အခြေအနေရှိတယ်။ အခုက ဗန်းမောက်ထဲမှာတော့ ပြည်သူတွေက ပိတ်မိနေတုန်းပဲ။ လူဦးရေ အတိအကျကတော့ အခုချိန်မှာတော့ သိဖို့ ခက်ခဲတယ်။”

ဗန်းမောက်မြို့ဝန်းကျင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်မှာ မြို့သိမ်းတိုက်ပွဲအနေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ရဲ့ ကာကင်းတချို့ကို တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့ကတည်းက သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နဲ့ ၂၈ မိုင်အကွာမှာရှိပြီး SNA စစ်ရေးလှုပ်ရှားတဲ့ ဗန်းမောက်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတာ ၄ ရက်ရှိပြီလို့ ရှေ့တန်းရင်းမြစ်က ပြောပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတုန်းပဲ။ ၄ ရက်နေ့မြောက်မှာလည်း တိုက်ပွဲဆက်ပြီး ဖြစ်နေတုန်းပဲ။ SNA ဘက်က စကစလေယာဉ်ခေါ်ပြီး လေယာဉ်နဲ့ လာပစ်ခိုင်းတာတွေ ရှိတယ်။ လေယာဉ်လည်း နေ့တိုင်းနီးပါး လာတယ်။ မြေပြင်မှာလည်း နှစ်ဖက်ပစ်ခတ်တာတွေ ရှိနေတုန်းပဲ။ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေလည်း ရှိတယ် စကစဘက်က။ သူတို့ဘက်က SNA နဲ့ စကစပေါ့။ စကစထဲမှာတောင်မှ တပ်မ ၇၇ လက်အောက်တပ်သားတွေ အနည်းအကျဉ်းရှိတယ်။ တိုက်ပွဲကတော့ နေ့တိုင်း ဆက်ဖြစ်နေတုန်းပဲ။”

ဗန်းမောက်မြို့နယ်ဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အားကောင်းတဲ့ဒေသတခုဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်နဲ့ အနောက်ဘက်ခြမ်းတွေ အပါအဝင် နေရာအများစုကို SNA နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေကြောင့် စက်တင်ဘာ ၁၅ ရက်ကစပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် လမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း အင်းတော်မြို့နယ် ပကဖက ထုတ်ပြန်ခဲ့ပါတယ်။

ဗန်းမောက်မြို့ဟာ PDF တွေ သိမ်းပိုက်ထားတဲ့ အင်းတော်၊ မော်လူးနဲ့ ပင်လည်ဘူးမြို့တွေ အကြားမှာ တည်ရှိတာဖြစ်ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013