Home
မြန်မာသတင်း
ခင်ဦးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား
DVB
·
September 19, 2025

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သံဘိုရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီကျော်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဖုတ်ကုန်းရွာကနေ မကျည်တုံ ပျူရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်တွေဆုံရာကနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

သံဘိုရွာသားတယောက်က “ညနေပိုင်းကတည်းက တိုက်ပွဲကဖြစ်ကြတာ။ ညပိုင်း ၈ နာရီလောက်မှ တိုက်ပွဲသိမ်းသွားတာ။ စစ်တပ်ဘက်က အထိများတယ်လို့တော့ သိထားရတယ်။‌‌ စစ်‌ကြောင်းလာရင်တော့ ပြေးရတာပဲ။ မ‌‌ပြေးဘဲ ရွာထဲနေရင်လည်း သူတို့က တွေ့တဲ့သူ အကုန်သတ်ပစ်တာ။ မ‌နေညပိုင်းကတော့ ခဏ စစ်ဘေးရှောင်လိုက်ရသေးတယ်။ စစ်‌ကြောင်းက တိုက်ပွဲဖြစ်ပြီး ရှေ့မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်သွားရတယ်။ ကျနော်တို့အရပ်သား သေဆုံးတာတော့ မရှိဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တယောက်ကျဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းထန်ရသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တယောက်က ပြောပါတယ်။

“ကျနော်တို့ ပကဖရယ်၊ တိုက်နယ်ရယ်၊ တပ်ရင်း‌ပူး‌ပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာဗျ။ စစ်တပ်က မကျည်းတုံကို မသွားနိုင်ဘဲ စစ်ကြောင်း နောက်ပြန်ဆုတ်သွားရတယ်။ စစ်တပ်ဘက်က တကောင် သေပြီး ၅‌ ကောင်ထက်မနည်း ဒဏ်ရာရသွားတယ်။ ကျ‌နော်တို့ဘက်က‌တော့ ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရတာကလွဲပြီး ကျန်တာ ဘေးကင်းပါတယ်ဗျ။” 

ခင်ဦးမြို့နယ် သံဘိုကျေးရွာကို စက်တင်ဘာ ၁၀ ရက် ည ၈ နာရီကျော်လောက်ကလည်း စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက်အပါအဝင် ပြည်သူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024