
ကရင်ပြည်နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းအနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ပွဲကြမ်းနေတယ်။ ကျုံဒိုးအပေါ်ပိုင်း အာရှလမ်းမှာ။ တိုက်ပွဲက နေ့စဉ်လိုလို ဖြစ်နေတယ်။ အဲဒီလမ်းတလျှောက် တိုးချဲ့နေတာ။ လမ်းကျောတခုလုံးပေါ့။ အခုလည်း ပစ်နေတုန်း။ နေ့တိုင်းပဲ ရဟတ်ယာဉ်က ၄၊ ၅ ခေါက် အမြဲတမ်းတက်တယ်။ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာ။ အာရှလမ်းမပေါက်လည်း ဖြစ်တာပဲ။ အခုပေါက်ပြီးလည်း နွေကျရင် ပိုများဖို့ ပုံစံရှိတယ်။ ဒေသခံတွေက ရှောင်နေရတယ်။ အခု ရွာမပြန်နိုင်တဲ့ ဒေသခံတွေ အများကြီး ရှိနေသေးတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျုံဒိုးမြို့အနီး ကျုံဘိုင်းရွာ၊ ဗျက္ခသီဟ ဘုရားကုန်းကို စစ်ကောင်စီက ပြန်လည်ရယူဖို့ ကြိုးစားလာတာကြောင့် စက်တင်ဘာ ၁၀ ရက်ကစပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က ဝေဟင်နဲ့ မြေပြင် ပစ်ကူ ရယူခဲ့ရပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “သူတို့က ဘက်ပေါင်းစုံက ထိုးစစ်စနေတာ။ ကျနော်တို့ဘက်ကနေ လုပ်သင့်လုပ်ထိုက်တာတွေတော့ ကြိုတင်ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်။ ရန်သူဘက်က အင်အားတိုးချဲ့တာတွေတော့ ကျနော်တို့ဘက်က ရရှိထားတာတွေ ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က ကျုံဒိုး ၅၄၅၊ ၅၄၆ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်မယ့် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်တွေ ပျက်စီးတာ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ သေဆုံးပြီး လူထိခိုက်တာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာနဲ့ ချောင်းနှစ်ခွဘက်ကို စစ်ကောင်စီတပ်ဘက်က နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်ပြီး အင်အားတိုးချဲ့ဖို့ ကြိုးစားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အောင်ခန့်