
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ရဲ့စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အများအပြားသေဆုံးပြီး သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ယင်းမာပင်နဲ့ ကနီမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က စစ်ကြောင်းမှူး ၁ ယောက်အပါအဝင် ၃ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က “စက်တင်ဘာ ၁၁ ရက်နေ့ မနက်ခင်းကတော့ တိုက်ပွဲပြင်းပြင်းထန်ထန်ကိုဖြစ်တယ်။ ကိုယ့်ဘက်က ချောင်းမရွာထဲအထိ ဝင်ပစ်တာ။ ကိုယ့်ဘက်က စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေ အများကြီးရလိုက်တယ်။ နေ့ခင်း ၁၁ နာရီထိုးအချိန်ကျတော့ စစ်တပ်က Y12 လေယာဉ်နဲ့ဗုံးသီးအများကြီးလာကြဲချတယ်။ အဲလိုကြဲချလို့ ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)စစ်ကြောင်းမှူး ကိုနိုင်မင်း ကျဆုံးခဲ့ရတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကတိုက်ပွဲမှာလည်း စစ်တပ်ဘက်က အကျအဆုံးများပြီး တော်လှန်ရေး တပ်ဘက်က ရဲဘော် ၂ ယောက်ကျတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၃ ရက်နေ့ကပဲ မုံရွာကနေထွက်ခွာလာတာဖြစ်ပြီး ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကတဆင့် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
ယင်းမာပင်ခရိုင် ကွပ်ကဲရေးတာဝန်ခံ ဗိုလ်စွမ်းသူမောင်က စက်တင်ဘာ ၇ ရက် ညနေပိုင်းမှာ စစ်သား အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့သေးပြီး စစ်တပ်ဘက်က အကျအဆုံးအများကြီးနဲ့ ဆုတ်ခွာသွားရသလို ညဘက်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ကနီမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို တိုက်ခိုက်ခဲ့လို့ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“၁၁.၉.၂၅ ရက်နေ့မှာ စစ်ကြောင်း ၂ မှ ချောင်းမရွာတွင် အခြေပြုထားသော ဗိုလ်မှူး သူရိန် ဦးစီး အင်အား ၁၀၀ ပါ ရန်သူ့စစ်ကြောင်းအား စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်း ၁ သည် ရန်သူ့ဆုတ်ခွာရာလမ်းကြောင်းတွင် ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီစစ်ကြောင်းများထံမှ စစ်သုံ့ပန်း ၄ ယောက်၊ ရန်သူ့အလောင်း ၇ လောင်း၊ MA1. 4 လက်၊ MA3 ၁ လက်၊ MG 3 စက်သေနတ် ၁ လက်၊ MAS sniper ၁ လက်၊ Jamper ၁ ခု၊ 7.62 ကျည် ၁၁၁ တောင့်၊ MA ကျည်အိမ် ၃ ခု၊ sniper ကျည်အိမ် ၂ ခု၊ RPG ၂ ဖူးနဲ့ စစ်ဆင်ရေးသုံး ပစ္စည်းများ သိမ်းဆည်းရရှိနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အများအပြားသေဆုံးတယ်လို့ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ပြောကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ စစ်ရုံးချုပ်ကတော့ စစ်တပ်ဘက်က အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။