Home
မြန်မာသတင်း
ငဖဲမြို့နယ်၌ AA နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံး
DVB
·
September 11, 2025
Photo: AA

ရခိုင်ရိုးမနဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲမှာ စက်တင်ဘာ ၇ ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က အယောက် ၇၀ လောက် ကျဆုံးသွားတယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ အလောင်း ၆၀ ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စက်တင်ဘာ ၁၀ ရက် AA သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၇ ရက် မနက်က ငဖဲမြို့နယ်၊ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ အကွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ၈ နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က တပ်လန်ကာ ကစဉ့်ကလျားနဲ့ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲကနေ စစ်တပ်ရဲ့ အလောင်း ၆၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ၊ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့ပြီး ဆုတ်ခွာသွားတဲ့စစ်ကြောင်းကို AA က လိုက်ပြီးချေမှုန်းနေပါတယ်။

အဲဒီနေ့ညနေမှာပဲ ငဖဲမြို့နယ်၊ နတ်ရေကန်ကုန်းတောင်ဘက်ကနေ စစ်ကြောင်းတကြောင်း ထပ်တက်လာပြီး တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်က မျက်မြင် ၁၀ ယောက်ကျော် ကျဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်းလည်း တပ်လန်သွားပြီး လက်ရှိမှာ AA ရဲ့ တန်ပြန်ထိုးစစ်ကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း-ရခိုင်အစပ်၊ စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တဝိုက်က နေရာတွေ၊ ပဲခူးတိုင်း-ရခိုင်အစပ် ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တဝိုက်က နေရာတွေနဲ့ ရခိုင်ရိုးမအစပ် နေရာတွေမှာ စစ်တပ်ဘက်က အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

အဆိုပါတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာ မရှိသေးသလို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013