Home
မြန်မာသတင်း
အမ်း-မင်းဘူးလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာ ကာကင်းတခုကို AA သိမ်းပိုက်
DVB
·
September 9, 2025

ရခိုင်နဲ့ မကွေးအစပ် ငဖဲမြို့နယ်၊ အမ်း-မင်းဘူးလမ်းပေါ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာရဲ့ ကာကင်းတခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း ဒေသခံနဲ့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

ငဖဲမြို့နယ်ထဲက ကမ္ဘာလုံးစခန်းလို့ သိကြတဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် မကျစေဖို့နဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်ရေးအတွက် စစ်ကောင်စီတပ်က တပ်အင်အားတွေ ဆက်တိုက်ပို့နေတာပါ။

စက်တင်ဘာ လဆန်းပိုင်းမှာပဲ နတ်ရေကန်စခန်းရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ စင်ကိုနာခြံကို AA က သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းနဲ့နီးစပ်သူက ပြောပါတယ်။

ရှေ့တန်းနဲ့နီးစပ်သူတယောက်က “အဲဒီစင်ကိုနာခြံပေါ့၊ စင်ကိုနာဆိုတာ ငှက်ဖျားကာကွယ်ဆေး အပင်တွေ စိုက်တဲ့ခြံကို ပြောတာနော်။ စင်ကိုနာပင်။ ကာကင်းစခန်းရှိတယ်၊ အဲဒီမှာ ကာကင်းလုပ်ထားတာ ရှိတယ်။ ကာကင်းစခန်းကို ဝင်တိုက်တယ်။ ဒီနေ့ ၉ ရက်ဆိုတော့ လွန်ခဲ့တဲ့ ၇ ရက်နေ့လောက်ကပေါ့။ အဲဒီကာကင်းစခန်းကို သိမ်းနိုင်လိုက်တယ်” လို့ ပြောပါတယ်။

အခုသိမ်းပိုက်လိုက်တယ်ဆိုတဲ့ စင်ကိုနာခြံ ကာကင်းဟာ နတ်ရေကန်တောင်အောက် စွန်တက်ရွာနဲ့ ဂုတ်ကြီးရွာအကြားမှာ တည်ရှိပြီး ဒီကိစ္စနဲ့ပတ်သက်လို့ AA ဘက်က အတည်ပြု ထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်တပ်ဟာ အခုလထဲ မကွေးတိုင်းထဲ စစ်ဆင်ရေးလုပ်ခဲ့တဲ့ တပ်မ ၉၉ လက်အောက်ခံတပ်တွေကို အနားပေးခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှာ စစ်မှုထမ်းအသစ် အများစုပါဝင်တဲ့ စကခ ၁၇ လက်အောက်ခံ တပ်တွေနဲ့ အစားထိုး တပ်ချိန်းထားကြောင်း သိရပါတယ်။

ဂုတ်ကြီးရွာအနီးမှာနေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတယောက်က “ဒီဘက် နတ်ရေကန် ရှောင်ကွင်းလမ်းလို့ ခေါ်တယ်။ အရင်တုန်းက အဲဘက်မှာမရှိဘူး။ အခုက လမ်းပေါ်မှာ မနေ့ တနေ့က ၄၊ ၅၊ ၆၀၀ လောက် အဲဒီလမ်းပေါ်မှာ ရှိတယ်တဲ့။ စစ်သားတွေ အများကြီးပဲတဲ့၊ အဲဒီလမ်းမှာ တနေ့ကပေါ့၊ ၇ ရက်နေ့လောက်က စရောက်တယ်လို့ကြားတယ်။ အဲကနေလည်း မနေ့က တနေကုန်ပစ်တယ်လို့ ကြားတယ်။ အရင်တုန်းက ဒီဘက်လမ်းမှာမရှိဘူး။ ပဇီရွာဘက်လမ်းက အရင်တုန်းကရှိတယ်” လို့ ပြောပါတယ်။

DVB အနေနဲ့ တပ်အင်အားကို သီးခြားအတည်မပြုနိုင်ပေမဲ့ စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်အတွင်း စွန်တက်၊ ဂုတ်ကြီးနဲ့ မြေလတ်ရွာတွေ ဝန်းကျင်မှာ တိုက်ပွဲတွေရှိခဲ့တဲ့အကြောင်း သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ စက်တင်ဘာ ၆ ရက်နေ့မှာ ဆုံကုန်းအမြောက်တပ်လို့ခေါ်တဲ့ မစခ ၉၀၅ ကနေ စစ်ကားအကြီး ၅ စီး ပျင်းဝကျေးရွာကိုဖြတ်ပြီး နတ်ရေကန်ဘက်ကို တက်သွားခဲ့တဲ့အကြောင်း ရှေ့တန်းနဲ့ နီးစပ်သူကလည်း အတည်ပြုပါတယ်။

AA ကတော့ စက်တင်ဘာ ၄ ရက်တုန်းက စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ ၂၈၀၀ အကွာမှာ ၂ နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းမိကြောင်း ထုတ်ပြန်ထား ပါတယ်။

အမ်း-မင်းဘူးလမ်းပေါ်ကတိုက်ပွဲတွေကြောင့် ဂုတ်ကြီးရွာကလွဲပြီး ကျန်ရွာတွေဖြစ်ကြတဲ့ တုံးကြီး၊ လင်းတဲ၊ စွန်တက်ကျေးရွာအပါအဝင် နတ်ရေကန်စခန်းဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတွေအားလုံးနီးပါးတိမ်းရှောင်သွားကြတာ ၁၀ လဝန်းကျင်ရှိလာခဲ့ပါပြီ။  

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013