
အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းတို့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ကြတယ်လို့ ကင်မ်အဲရစ်ကသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားကြောင်း၊ ကျန်းမာရေးကိုစိုးရိမ်ကြောင်းပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ဘူးလို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။
ကင်မ်ကတော့ AA အနေနဲ့ အချိန်တိုအတွင်းမှာရခဲ့တဲ့ အောင်မြင်မှုတွေကို အင်မတန် ချီးကျူးဂုဏ်ပြုကြောင်းပြောခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံစကားပြောရာကနေ ရခိုင်ပြည်သူတွေ ကြုံနေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်နေရတဲ့အချိန်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုသိခဲ့ရတယ်လို့လည်း ကင်မ်က ဆိုပါတယ်။
သူတို့နှစ်ယောက် တယောက်ကို တယောက် ပံ့ပိုးကူညီပြီး လူတိုင်းဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်အောင် ကြိုးပမ်းဖို့ သဘောတူခဲ့တယ်လို့လည်း ကင်မ်က ပြောပါတယ်။
ကင်မ်အဲရစ်ဟာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ သူ့မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း စက်တင်ဘာ ၅ ရက်က ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။