ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကတဆင့် အိန္ဒိယနိုင်ငံဆီကိုသွားမယ့်သူတွေအတွက် အာရက္ခတပ်တော်(AA)က အထောက်အထား ထုတ်ပေးနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
အဲဒီ အထောက်အထားစာရွက်ထုတ်ပေးတာနဲ့ပတ်သတ်ပြီး ဒေသတွင်းသတင်းဌာနတွေက နိုင်ငံကူလက်မှတ်ထုတ်ပေးနေတယ်လို့ ရေးသားဖော်ပြခဲ့ပြီးနောက် ဒါဟာ နိုင်ငံကူးလက်မှတ်မဟုတ်ဘဲ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်နယ်စပ်ဖြတ်ကျော်မှု အထောက်အထားပဲဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
“ဒီဟာကတော့ အွန်လိုင်းပေါ်မှာ ရေးနေကြသလို နိုင်ငံကူးလက်မှတ် မဟုတ်ပါဘူး။ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေအတွက် နယ်စပ်ဖြတ်ကျော်သွားလာမှုတွေနဲ့ပတ်သက်လို့ ကျနော်တို့ဘက်က လုံခြုံရေးဆိုင်ရာ လိုအပ်ချက်တွေအတွက် ကြီးကြပ်နိုင်ဖို အထောက်အထားတခုအနေနှင့် မှတ်တမ်းတင်ထားတာသာ ဖြစ်ပါတယ်။ ကုန်သွယ်ရေး ဆိုတာထက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်လိုအပ်ချက်တွေအတွက် အကူအညီပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာသာ ဖြစ်ပါတယ်” လို့ပြောပါတယ်။
၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ရခိုင်က ကုန်သည်တွေနဲ့ ဒေသခံတွေဟာ ကုန်သွယ်ရေးနဲ့ ကျန်းမာရေးကိစ္စတွေအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို အဓိကအားထားပြီး သွားလာနေကြရတာ ဖြစ်ပါတယ်။
AA က ထုတ်ပေးတဲ့ စာရွက်စာတမ်းဟာ နယ်စပ်မှာရှိတဲ့ AA ရဲ့ စစ်ဆေးရေးဂိတ်တွေမှာပဲ အထောက်အပံ့ဖြစ်စေပြီး အိန္ဒိယနိုင်ငံဘက်မှာ ထုတ်ပြစရာမလိုဘူးလို့ အိန္ဒိယရောက် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“AA ရဲ့ ဆက်ဆံရေးရုံးက ထုတ်ပေးတဲ့စာရွက်က ရခိုင်နယ်စပ်မှာ ကုန်သည်တွေနဲ့ ခရီးသွားတွေကို စိစစ်ဖို့လောက်ပဲ ထုတ်ပေးတာဖြစ်တယ်။ အိန္ဒိယဘက်ရောက်သွာရင်တော့ အဲဒီစာရွက်က ထုတ်ပြစရာ မလိုတော့ဘူး။ စ ထုတ်ပေးကတည်းကလည်း ဒီဟာက နိုင်ငံကူးလက်မှတ် မဟုတ်ဘူး။ ခရီးသွားလာရာမှာ အဆင်ပြေစေဖို့အတွက် ထုတ်ပေးတာသာဖြစ်တယ်လို့ ရုံးဘက်ကပြောတယ်” လို့ပြောပါတယ်။
အထောက်အထားစာရွက်ကို AA ရဲ့ ဆက်ဆံရေးရုံးတွေက ဩဂုတ်လလယ်ပိုင်းကတည်း စတင် ထုတ်ပေးနေတာဖြစ်ပြီး ကုန်သည်နဲ့ပြည်သူတွေ သွားလာရေး လွယ်ကူစေဖို့အတွက် အထောက်အထားစာရွက်ပုံစံမျိုး ထုတ်ပေးတာလို့ အာရက္ခတပ်တော်နဲ့ နီးစပ်သူ တယောက်ကလည်း ပြောပါတယ်။
AA ဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ထိစပ်နေတဲ့ ပလက်ဝ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အဲဒီနိုင်ငံတွေနဲ့ ၂၀၂၄ ခုနှစ် ကတည်းက ကုန်သွယ်မှုပြုလုပ်နေတာ ဖြစ်ပါတယ်။