
အိန္ဒိယနိုင်ငံက တောင်ကုန်းဒေသ ဟီမာချလ်ပရာဒေ့ရှ်ပြည်နယ်ရှိ ကူးလူခရိုင်မှာ မြေပြိုမှု ဖြစ်ပွားပြီးနောက် အနည်းဆုံး လူ တယောက် သေဆုံးပြီး ၆ ယောက်လောက် ပိတ်မိနေခဲ့တယ်လို့ စက်တင်ဘာ ၄ ရက်မှာ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၃ ရက်ကနေ ၄ ရက်နီးပါး မိုးမရပ်မနား ရွာခဲ့တာကြောင့် နေရာတော်တော်များများမှာ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး အာခရာမှာလည်း အိမ်တွေပြိုကျကုန်တယ်လို့ ကူးလူခရိုင်ရဲ့ လက်ထောက်ကော်မတီဝင် တိူရူးလ်အက်စ်ရာဗီးရှ်က ပြောပါတယ်။
မြေပြိုကျရာနေရာမှ လူ ၃ ယောက်ကို ကယ်ဆယ်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ၆ ယောက် ပိတ်မိနေသေးတာကြောင့် တတ်နိုင်သမျှ ကြိုးစားရှာဖွေနေကြောင်းလည်း ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲအရာရှိတွေဟာ အပျက်အစီးတွေကို ရှင်းလင်းဖို့ လုပ်ဆောင်နေပေမဲ့ ဆိုးရွားတဲ့ရာသီဥတုကြောင့် လုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။
ကြာသပတေးနေ့က ဟိမဝန္တာတောင်တန်းတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး အိန္ဒိယမြောက်ပိုင်းနဲ့ အိမ်နီးချင်း ပါကစ္စတန်တို့ကို ဆက်လက်ရိုက်ခတ်ခဲ့ပါတယ်။
အဓိကမြစ်ကြီးတွေ မြစ်ရေလျှံမှုကြောင့် နေအိမ်တွေနဲ့ အဝေးပြေးလမ်းတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
အိန္ဒိယ မိုးလေဝသတာဝန်ရှိသူတွေဟာ ညနေပိုင်းလောက်မှာ မိုးရွာသွန်းမှုမှ သက်သာရာရမယ်လို့ ခန့်မှန်းထားပေမဲ့ ပါကစ္စတန်မှာတော့ စက်တင်ဘာ ၉ ရက်အထိ မိုးဆက်လက်ရွာသွန်းမယ်လို့ သတိပေးထားပါတယ်။
ပြင်းထန်တဲ့မုတ်သုံရာသီကြောင့် အခုနှစ်မှာ ဒေသတွင်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပြီး တရာသီလုံးအတွင်း ပါကစ္စတန်မှာ လူ ၈၈၀ လောက် သေဆုံးခဲ့ပြီး အိန္ဒိယမှာတော့ ဩဂုတ်လ တလထဲမှာပဲ လူ ၁၅၀ နီးပါးလောက် အသက်ဆုံးရှုံးခဲ့ပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်တွေမှာ ရေတွေလျှံတက်ခဲ့ပြီး အိန္ဒိယအာဏာပိုင်တွေဟာ ဆည်တွေကနေ ရေတွေလွှတ်ချခဲ့တာကြောင့် နယ်စပ် ၂ ဘက်စလုံးမှာ ရေကြီးရေလျှံ ထပ်မံဖြစ်ပေါ်နေတာပါ။
ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့ ရေခဲမြစ်တွေ အရည်ပျော်ကျမှုတွေကြောင့် လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်းမှာ အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်း ပါကစ္စတန်နဲ့ နီပေါနိုင်ငံရှိ တောင်တန်းတွေမှာ လူအသေအပျောက်များတဲ့ လျှပ်တပြက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပြီး အစိုးရတာဝန်ရှိသူတွေကတော့ ရာသီဥတုဖောက်ပြန်မှုကို ပိုပြီးအပြစ်တင်ကြပါတယ်။
Source: Reuters