
ဆူဒန်နိုင်ငံအနောက်ပိုင်း တာဆီးန်ကျေးရွာရှိ မြေပြိုမှုဖြစ်ပွားရာနေရာမှာ ရုပ်အလောင်း ၃၇၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံလူထုခေါင်းဆောင်က ပြောပါတယ်။
တာဆီးန်ကျေးရွာကို ထိခိုက်စေခဲ့တဲ့ မြေပြိုတဲ့နေရာမှာ လူတွေစုရုံးပြီး သေဆုံးသွားသူတွေအတွက် ဆုတောင်းပေးနေကြပါတယ်။
ဒေသလူထု ခေါင်းဆောင် အီဘရာဟင်မ်ဆူလေမန်ဟာဆာဘာလာက“မြေပြိုမှု ဖြစ်ပြီးနောက်မှာတော့ အလောင်း ၃၇၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မြှုပ်နှံထားပါတယ်။ လက်လှမ်းမမီနိုင်သူတဲ့ အပျက်အစီးတွေအောက်မှာ ရောက်နေတာတွေလည်းရှိပြီး တချို့က မြေပြိုကျမှုမှာ ပါသွားတယ်”လို့ ပြောပါတယ်။
ယေဘဲလ်မားရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေအပိုင်းကို ကာလကြာရှည် သိမ်းပိုက် အုပ်ချုပ်နေတဲ့ SLM/A ဆူဒန်တပ်ဖွဲ့ဟာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကူညီစုဆောင်းပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီတွေကို မေတ္တာရပ်ခံ တောင်းဆိုခဲ့ပါတယ်။
ဒေသတွင်းသတင်းတွေအရ သေဆုံးသူ ၁,၀၀၀ လောက်ရှိတယ်လို့ ဆိုထားပေမဲ့လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ အရေအတွက် နည်းနိုင်တယ်လို့ အစီရင်ခံထားကြောင်း ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
လာမယ့်ရက်တွေအတွင်းမှာ အေဂျင်စီအတွင်း အချင်းချင်း အကဲဖြတ်မှုလုပ်ဆောင်ပြီး ကိန်းဂဏန်းတွေကို အတည်ပြုသွားမှာဖြစ်ကြောင်း (OCHA) က ပြောပါတယ်။
Source: Reuters