
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာဘက်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအပြင် အဆိပ်ငွေ့ဗုံးတွေကိုပါ အသုံးပြုနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျောက်မဲကို ဦးတည် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက နောင်ပိန်ကျေးရွာအနားအထိ ရောက်ရှိနေတာဖြစ်ပြီး တိုက်ပွဲဖြစ်နေတာ သီတင်း ၃ ပတ်ကျော် ကြာလာပြီ ဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက်အထိလည်း နောင်ပိန်နဲ့ ပင်တိန်ရွာတဝိုက်မှာ တိုက်ပွဲဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ကျောက်မဲမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို တိုက်ပွဲတွေအတွင်း ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေကို ကြဲချတာတွေ ရှိတယ်လို့လည်း မြေပြင် သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“လေကြောင်းကတော့ ဒီရက်ပိုင်းထဲတင် တော်တော်များနေပြီ လာကြဲနေတာ။ တိုက်ပွဲကတော့ နောင်ပိန်နဲ့ ပင်တိန်ဘက်မှာပဲ။ အဲဒီနေရာတဝိုက်ပဲ ဆက်ဖြစ်နေတာ။ ဒီနေ့အထိလည်းရှိတယ်။ ရှေ့တော့ မတိုးနိုင်သေးဘူး။ အဓိကတော့ သူတို့ ဒရုန်းတွေသုံးတာပေါ့။ ဒရုန်းမှာ ဗုံးသီးကို အဆိပ်ငွေ့ပါတဲ့ဗုံးတွေပါ သုံးတာ။”
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ရှေ့ပြေးတပ်တချို့ဟာ နောင်ပိန်အရှေ့ဘက် ပါလုရွာအထိ ရောက်နေတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီဘက်က ဂုတ်တွင်းနဲ့ နောင်ပိန်ကြားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတာကြောင့် စစ်ကူတွေ ထပ်ပို့နိုင်တဲ့ အခြေအနေမရှိဘဲ ရှေ့တိုးနိုင်ဖို့တော့ ခက်တယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်ကို ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်လို့ မရသေးသလို အဆိပ်ငွေ့ပါတဲ့ဗုံးတွေ အသုံးပြုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။
ကျောက်မဲမြို့နယ်ထဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားသေဆုံးမှုကလည်း ဆက်တိုက်ရှိနေပါတယ်။
စစ်ကောင်စီတပ်က လတ်တလောမှာ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ထားပြီး TNLA ထိန်းချုပ်ထားတဲ့ နောက်ထပ်မြို့နယ်တွေဖြစ်တဲ့ ကျောက်မဲနဲ့ မိုးကုတ်ကို ဆက်လက် ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ထက်အောင်