Home
မြန်မာသတင်း
ကျိုက်မရော၌ စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲမှုကြောင့် ခရီးသည် ၆ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ
DVB
·
September 5, 2025
Photo: CINCDS

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-ကော့ပနောကျေးရွာအဝင် လမ်းဆုံရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)  လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရီးသွားပြည်သူ ၆ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီလောက်က ကျိုက်မရော-ဘုရားသုံးဆူသွား ကားလမ်းပေါ်က စပယ်ဂူတံတားမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားသုံးဆူကနေ ထွက်ခွာလာတဲ့ ခရီးသည်ယာဉ် (ဒေသအခေါ် ပေါင်မုန့်) တစီးနဲ့ အိမ်စီးကားအဖြူရောင်တစီး ထိမှန်ခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က စက်တင်ဘာ ၁ ရက်ကတည်းက ဒရုန်းဗုံးချ တိုက်ခိုက်နေတာဖြစ်ပြီး စက်တင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီခွဲလောက်ကစတင်ပြီး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီလောက်မှာ ဒုတိယအကြိမ် ထပ်မံ ဗုံးချတိုက်ခိုက်ချိန် ခရီးသည်တင်ယာဉ်ထိမှန်ပြီး ယာဉ်ပေါ် လိုက်ပါလာသူ ၁၂ ယောက်စလုံး ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ဒရုန်းဝဲနေတဲ့အချိန်မှာ ရွာထဲက တော်လှန်ရေးဂိတ်တွေက တားတဲ့အချိန်မှာ ဒီကားတစီးက လွန်သွားတယ်။ အဲဒီအချိန် အကွေ့လေးမှာပဲ  ဒရုန်းက ပစ်ချတာ။ ကားဘေးနားမှာ ထိသွားတယ်။ ကားမှာ ခရီးသည် ၁၂ ယောက်ပါတယ်။ ပွဲချင်းပြီးတာ ၄ ယောက်။ ပြီးလို့ရှိရင် တယောက်က ကမန်းကတမ်း ကျိုက်မရော ဆေးရုံတင်တဲ့အခါမှာ တယောက်က ပြန်ဆုံးတယ်လို့ ကြားတယ်။ အကုန်လုံးက အရေးပေါ်အခြေအနေမှာပဲ။ သူတို့အကုန်လုံး ၁၂ ယောက် ကားသမားအပါ။ ကားသမားက မော်လမြိုင်ရောက်တာနဲ့ သူက ဦးနှောက်ထိထားတယ်။ အဲဒါလည်း ဆုံးသွားတယ်။ အားလုံးဆိုရင် ၆ ယောက်လောက် ဆုံးသွားတယ်။ ကျန်တဲ့ ၆ ယောက်ကလည်း အသည်းအသန်ပဲ” လို့ ပြောပါတယ်။

ဒရုန်းဗုံးချ တိုက်ခိုက်မှုကြောင့် ခရီးသည်တွေ ထိခိုက်သေဆုံးတာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ PDF တပ်ဖွဲ့တွေရဲ့ Drop Bomb ချ တိုက်ခိုက်မှုကြောင့်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာ ရေးသားဖော်ပြနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတင်းမှားဖြန့်တာကို လက်မခံကြောင်း ဒေသခံပြည်သူအားလုံး သိထားတာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးကို DVB က ဆက်သွယ်မေးမြန်းခဲ့ရာ ပြောစရာမရှိဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ကျေးရွာတာဝန်ရှိသူတယောက်က “စစ်ကောင်စီကပဲ ဒရော့ဗုံးနဲ့ချတာ။ ဒီဘက်က PDF တွေ မဟုတ်ဘူး။ သူတို့(PDF)က ကိုယ့်စခန်းကို မပစ်ဘူး” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၄  ရက် မွန်းလွဲပိုင်းလောက်က  ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာ လမ်းဆုံက KNLA၊ PDF လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်ဘက်က ဒရုန်းဗုံး အလုံး ၃၀ ကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် ဂျိုင်းမြစ်အတွင်း ရပ်နားထားတဲ့ ရေတပ် စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံးနဲ့ စားသောက်ဆိုင်တဆိုင် ထိမှန်ပျက်စီးခဲ့ပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013