Home
မြန်မာသတင်း
ကျောက်မဲမြို့နယ် ကုန်းကော်ရွာထဲ လက်နက်ကြီးကျပြီး လင်မယား ၂ ဦး သေဆုံး
DVB
·
September 5, 2025
ကျောက်မဲမှ လားရှိုးသို့ စစ်ရှောင်လာသူများ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ခေးနင်းကျေးရွာအုပ်စု၊ ကုန်းကော်ရွာထဲကို စက်တင်ဘာ ၄ ရက် ညက လက်နက်ကြီးကျပြီး လင်မယား ၂ ယောက် ထိမှန်သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောင်ပိန်ဘက်ကနေ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကုန်းကော်ရွာဒေသခံ ဦးဝါယမနဲ့ ဒေါ်လှခင်တို့ ၂ ယောက် ထိမှန်သေဆုံးတာလို့ ဆိုပါတယ်။

ကျောက်မဲဒေသခံတယောက်က “လင်မယားနှစ်ယောက်ထိပြီး သေတယ်။ ကျောက်မဲမြို့ပြင်မှာ ဖြစ်တာ။ နောင်ပိန်ဘက်ကနေ စစ်တပ်က ပစ်တာ။ ဒေသခံတွေက ရှောင်တဲ့သူတွေ ရှောင်ကြတယ်။ ကျန်နေတဲ့သူတွေလည်း ကျန်နေသေးတယ်။ အဲဒီရွာမှာက ရှမ်းတွေအများစု နေထိုင်ကြတာပါ” လို့ DVB ကို ပြောပါတယ်။

DVB က ဆက်သွယ်မေးမြန်းတဲ့ နေ့လယ်ပိုင်းအထိ အလောင်းတွေကို သယ်ထုတ်နိုင်တာ မရှိသေးပေမဲ့ ဒေသတွင်း ပရဟိတအဖွဲ့တွေက သယ်ယူနိုင်ဖို့ လုပ်နေပြီလို့ ဆိုပါတယ်။

ခေးနင်းကျေးရွာအုပ်စုဟာ ကိုးကန့်တပ် (MNDAA) အုပ်ချုပ်မှုထဲ ပါဝင်ပြီး ကိုးကန့်ဘက်ကတော့ အဲဒီဖြစ်စဥ်ကို ထုတ်ပြန်တာ မရှိသေးပါဘူး။

နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲကလည်း အဲဒီဖြစ်စဥ်ကို အတည်ပြုပြီး ကူညီနိုင်ဖို့ ချိတ်ဆက်နေတယ်လို့ DVB ကို ပြောပါတယ်။

မနေ့ကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်တဲ့ ကျောက်မဲမြို့၊ ပန်ကွမ်ကျေးရွာက ပန်ကွမ်ဘုန်းကြီးကျောင်း၊ ပန်ဖျက်နဲ့ ပန်သပြေရွာတွေကို ဗုံး ၄ လုံးကြဲလို့ ကိုရင်တပါး ဒဏ်ရာရပြီး အရပ်သားတယောက် သေဆုံးတယ်လို့ TNLA က ဆိုပါတယ်။

အဲဒီအပြင် ကျောက်မဲအထွက် SSPP ဂိတ်အနီးကို အသေခံဒရုန်း ၂ စင်းနဲ့ စစ်ကောင်စီဘက်က တိုက်ခိုက်တာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်မဲမှာ စစ်ကော်မရှင်တပ်တွေနဲ့ TNLA တပ်တွေ တိုက်ပွဲဆက်ဖြစ်နေလို့ ဒေသခံတွေ လားရှိုးမြို့ကို တိမ်းရှောင်နေကြရပြီး ဒဏ်ရာရသူတွေကတော့ လားရှိုးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013