
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာကို စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခွဲမှာ စစ်တပ်က ဘန့်ဘွေးပျူရွာကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နဘူးတောရွာသားတယောက်က “ကျနော်တို့ရွာကို ဘန့်ဘွေးပျူရွာဘက်ကနေ မထင်မှတ်ဘဲ ညအချိန်ကြီး စစ်ကြောင်းထိုးလာတာဗျ။ စစ်ကြောင်းလာတယ်ဆိုတော့ ရွာသားတွေက ထွက်ပြေးသူကပြေး၊ ပုန်းသူက ပုန်းပေါ့။ သူတို့လာတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ထွက်ပြေးတဲ့ ကလေးကိုလည်း ပစ်ခတ်လို့ ဒဏ်ရာရထားတာ ရှိတယ်။ အဲဒါပြီးတော့ ရွာထဲမှာပုန်းနေတဲ့ ပြည်သူ ၅၀ လောက်လည်း ဖမ်းပြီး ရွာထဲက ပစ္စည်းတွေကို ဘန့်ဘွေးရွာထဲ သယ်ခိုင်းတယ်။ ည ၁၀ နာရီထိုးတော့ ဖမ်းဆီးသူတွေ ပြန်လွှတ်ပေးလိုက်တယ်။ ၁၀ နာရီခွဲမှာ အဲဒီ ဘန့်ဘွေးပျူရွာကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ ကျောက်ကျင်းထဲပုန်းနေတဲ့ နေရာကို ကျပြီး အသက် ၅၅ နှစ်အရွယ် ဒေါ်ညွန့်ရီနဲ့ အသက် ၆၀ အရွယ် ဒေါ်သိန်းမြင့်တို့ ထိမှန်သေဆုံးကာ နောက်ထပ် ဒေသခံ ၁၃ ဦးလည်း ထိခိုက်ခဲ့တယ်” လို့ ပြောပါတယ်။
နဘူးတောရွာဟာ ဘန့်ဘွေးပျူရွာရဲ့ အရှေ့ဘက် တမိုင်နီးပါးခန့်သာကွာဝေးတဲ့ ကျေးရွာတရွာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “စစ်တပ်က ကနီဘက်ကို ထိုးစစ်ဆင်နေတဲ့ဆီကို အင်အားဖြည့်ဖို့ ရရာကနေ ရိက္ခာစုတဲ့သဘော ဖြစ်နိုင်တယ်။ လက်နက်ကြီးတွေကတော့ စစ်တပ်က အခုနောက်ပိုင်း အတော်လေးကို သုံးလာတာ တွေ့ရတယ်။ နောက်ပြီး လေယာဉ်၊ စက်တပ်လေထီးတွေလည်း အတော်များများ သုံးလာတာ တွေ့ရတယ်ဗျ။ ပြည်သူတွေအနေနဲ့ အသိနဲ့ သတိနဲ့ နေကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ ကနီမြို့နယ် တောင်ခြမ်း၊ ချောင်းမရွာဘက်ကို မြေပြင်စစ်ကြောင်း ထိုးစစ်ဆင်နေပြီး အဆိုပါစစ်ကြောင်းကို လူအင်အား၊ လက်နက်နဲ့ ကျည်တွေကို ထောက်ပို့နိုင်ဖို့ ဘန့်ဘွေးရွာကနေ အင်အင်းဖြည့်တင်းပေးနေတယ်လို့လည်း သိရပါတယ်။