
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်ကြားမှာရှိတဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ပြီး စစ်တပ်စစ်ကြောင်း ဝင်ရောက်နေလို့ သောင်းချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြိုင်ဒေသခံတယောက်က “စစ်တပ်ဘက်ကနေ အင်အားအများအပြားနဲ့ မြိုင်နဲ့ ပခုက္ကူကြားမှာ ကင်းပုန်းဝပ်တာတွေ ရှိသလို ရွာတွေထဲကို ဝင်ပြီးတော့လည်း အစားအစာနဲ့ ပစ္စည်းတွေ လုယူတာတွေရှိနေလို့ ပြည်သူတွေ သောင်းချီပြီး ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။
စစ်တပ်က လုံခြုံရေးအကြောင်းပြကာ ကင်းပုန်းဝပ်တာတွေ ရှိနေတဲ့အတွက် မြိုင်မြို့နယ်ထဲက ကင်းကျေးရွာအပြင် ပခုက္ကူမြို့နယ်ထဲက စိုင်ခေါင်း၊ သမင်အုပ်၊ အရှေ့ညောင်တွင်းကျေးရွာတွေက သောင်းချီတဲ့ ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
Burma Revolution Rangers (ပခုက္ကူ) ရဲ့ အဖွဲ့ခေါင်းဆောင် ကိုကာတွန်းက “ပခုက္ကူနဲ့ ကင်းရွာကြားမှာ စစ်တပ်ဘက်က စစ်ကြောင်းထိုးတာ မဟုတ်ဘဲနဲ့ ကင်းပုန်းတွေ ချထားတာ အင်အားက ၂၀၀ နဲ့ ၃၀၀ ကြားလောက် ရှိတယ်။ စစ်တပ်ဘက်က အဲဒီလမ်းပိုင်းမှာတင် မဟုတ်ဘဲနဲ့ ပခုက္ကူ-ကမ္မဘက်နဲ့ ပခုက္ကူ-ရေစကြို လမ်းပိုင်းဘက်တွေမှာလည်း အင်အားတိုးမြှင့် ချထားတာတွေ တွေ့နေရတယ်။ သူတို့ဘက်က ရွေးကောက်ပွဲအတွက် ပခုက္ကူမြို့ကို ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ပြီး လုံခြုံရေးယူနေတယ်လို့တော့ ယူဆရတာပေါ့။ သူတို့ဘက်က ကျနော်တို့နယ်မြေတွေထဲကို ကျော်လာတာ မရှိသေးလို့ တိုက်ပွဲဖြစ်တာတွေတော့ မရှိသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
ပခုက္ကူမြို့နဲ့ မြိုင်မြို့နယ်ထဲက ကင်းကျေးရွာဟာ ၇ မိုင်နီးပါးလောက်သာ ဝေးကွာပြီး အဲဒီ ပခုက္ကူ ကင်းကျေးရွာလမ်းပိုင်းမှာ စက်တင်ဘာ ၅ ရက်လောက်ကစပြီး စစ်တပ်လက်အောက်ခံတွေ ကင်းပုန်းဝပ်တာတွေ ရှိနေတဲ့အတွက် စက်တင်ဘာ ၈ ရက်ကနေ အဆိုပါလမ်းပိုင်းအသုံးပြုမှုကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၆ ရက်ကလည်း ပခုက္ကူ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ စစ်ကြောင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကန် ပြည်သူ့စစ်ရွာကို ရောက်ရှိချိန်မှာ Burma Revolution Rangers (ပခုက္ကူ) နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဒုံးကျည် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။