
ကော့ကရိတ်-မြဝတီ (အာရှ) လမ်းကနေ သင်္ကန်းညီနောင်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြဝတီမြို့တောင်ဘက်က ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေပါတယ်။
စက်တင်ဘာ ၅ ရက်မှာ စစ်ကောင်စီက နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး အာရှလမ်း၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ကန်းညီနောင်ဘက်ကနေ ထိုးဖောက် ဝင်ရောက်လာပါတယ်။
စစ်ကောင်စီတပ်ဘက်က သာလွန်အင်အားအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူ ရယူပြီး ထိုးဖောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းဘက်က ယာယီဆုတ်ပေးခဲ့ရပါတယ်။
ဒါကြောင့် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ဆက်လက်ပြီး ဆုံးရှုံးထားတဲ့ စစ်ကောင်စီစခန်းတွေကို ပြန်လည်ရယူဖို့ မြဝတီမြို့တောင်ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာပါ။
ဒေသခံတယောက်က “မြဝတီမြို့ကတော့ အေးဆေးပဲ။ ကုန်သွယ်ရေးဇုန်ရယ်၊ သင်္ကန်းညီနောင်ရယ်။ သင်္ကန်းညီနောင်စစ်တပ်တွေ ၃၅၅၊ ၃၅၆ ဗျူဟာရယ် အဲဒီမှာ ထိုင်ထားလား မသိဘူး။ မြဝတီဘက်တော့ အများကြီး မဝင်လာဘူး။ ပြီးတော့ လေးကေ့ကော်တို့ လက်ခတ်တောင်တို့ ပြန်တက်ဖို့ဖြစ်မယ်။ မြို့ထဲဘက်တော့ မဝင်ဘူး။ အဲဒီဘက်ကို ပြန်တက်မလား မသိဘူး။ ခါတိုင်း ၂၇၅ ဘက်ကနေ ရွာဘက်တွေကို အလုံးကြီး ပစ်ထုတ်တာတော့ရှိတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၇ ရက်က သင်္ကန်းညီနောင်နဲ့ ရွှေမြစန္ဒီကျေးရွာအနီးမှာ မြဝတီမြို့တောင်ဘက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ရန်သူက မင်းလက်ပံအနီးတဝိုက်ထိ ကပ်လာနေပြီဆိုတဲ့ အခြေအနေပေါ့။ အခု သင်္ကန်းညီနောင်ကနေ ရွှေမြစန္ဒီကနေ လက်ခတ်တောင်ကနေ တက်လာတဲ့ စစ်ကြောင်း။ နို့ဖိုး၊ ကွင်းကလေး၊ သင်္ကန်းညီနောင်ဘက်ကနေ ပေါက်လာတဲ့ ရန်သူ စစ်ကြောင်းတွေ ဆိုတာတော့ သေချာတယ်။ သင်္ကန်းညီနောင်ဘက်က ပြန်ဆုတ်လာတဲ့ စစ်ကြောင်း (KNLA၊ PDF) တွေကလည်း ဒီဘက် သုံးထပ်ကွေ့ဘက်ကနေ လာစောင့်ထိုင်နေကြတယ်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲကတော့ သင်္ကန်းညီနောင်စခန်း ရွှေမြစန္ဒီ အဲဒီဘက်တွေမှာဖြစ်ပြီး ဒီဘက် မင်းလက်ပံဝန်းကျင်မှာတော့ မရှိသေးဘူး” လို့ ပြောပါတယ်။
စက်တင်ဘာ ၈ ရက် မနက် ၁၀ နာရီလောက်က မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နဲ့ ရသေ့ဂူကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေဟာ ကြိုတင်စစ်ရှောင်ခဲ့တဲ့အတွက် ထိခိုက်သူ မရှိခဲ့ပါဘူး။
လက်ရှိမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ် တဖက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောင်ခန့်