Home
မြန်မာသတင်း
ဘုတလင်တိုက်ပွဲအတွင်း စစ်သား ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
DVB
·
September 9, 2025

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ဩဂုတ် ၂၀ ရက်က စတင်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူဆီကနေ သိရပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဘုတလင်မြို့က စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းတကြောင်းနဲ့ မုံရွာ နမခ စစ်တပ်ကနေ စစ်ကူလာတဲ့ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်‌ကြောင်းရဲ့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက “ကျနော်တို့ ဩဂုတ် ၂၀ ရက် မနက်ခင်း ၁၀ နာရီကစပြီး စကစနဲ့ တိုက်ပွဲစဖြစ်တယ်ဗျ။ ဖြစ်တဲ့နေရာက ကံသစ်ရွာအနီးမှာ တိုက်ပွဲဖြစ်တာဗျ။ နမခက ထွက်လာတဲ့ စစ်ကြောင်းဗျ။ ဩဂုတ် ၂၃ ရက်နဲ့ ၂၄ ရက်တွေကလည်း ကျနော်တို့ ည ၈ နာရီအချိန်မှာ ဘုတလင်မြို့ ထွေအုပ်ရုံးထဲကို ဒရုန်းယာဉ်နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့သေးတယ်ဗျ။ ဩဂုတ် ၂၆ ရက် ည ၇ နာရီမှာ ဘုတလင်မြို့အရှေ့ဘက် ပဲပြစ်တောရွာအနီးမှာ တိုက်ပွဲတကြိမ် ဖြစ်ကြသေးတယ်။ အဲဒီစစ်ကြောင်းက ဘုတလင်မြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းပါဗျ။ အဲဒီစစ်‌ကြောင်းက ဘုတလင်မြို့ထဲ ပြန်ဝင်ပြေးသွားတယ်။ ဩဂုတ် ၃၁ ရက်မှာလည်း ကျနော်တို့ ကံသာရွာအနီးမှာ တကြိမ်၊ စက်တင်ဘာ ၈ ရက်နေ့မှာ ဥက္ကာမင်းသစ် စက်သုံးဆီဆိုင်အနီးမှာ တကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်ဗျ” လို့ ပြောပါတယ်။

အဆိုပါ စက်တင်ဘာ ၈ ရက် တိုက်ပွဲမှာ MA-1 တလက်၊ MA-11 တလက်၊ အီကွေးမန့်၊ ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်နဲ့ လက်နက်ခဲယမ်းတချို့ ရရှိခဲ့ပြီး ရက် ၂၀ ကြာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၃၃ ယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း စစ်ကြောင်းမှူး ကိုကြွက်ကလေးက ထပ်မံပြောဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးထိခိုက် သတင်းအတိကျကိုတော့ DVB အ‌နေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ကံသစ်ရွာသားတယောက်က “ဒီနေ့ စက်တင်ဘာ ၈ ရက်မှာ စစ်ကြောင်းက နမခထဲ ပြန်ဝင်သွားပြီဆိုတော့ ကျနော်တို့ရွာသားတွေ ကိုယ့်ရွာကို ပြန်ဝင်လို့ရလို့ အတိုင်းမသိ ဝမ်းသာမိတယ်။ ရွာတွေကတော့ မီးရှို့ခံရတဲ့ ရွာတွေလည်း ရှိတယ်ဗျ။ ရွာတွေထဲ ပြန်ဝင်ဖို့ ကာကွယ်ရေးတပ်တွေက ခွင့်မပြုသေးလို့ ရွာထဲအဖြစ်အပျက်ကတော့ ဘာမှမသိရသေးဘူး‌” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်နေချိန် လက်နက်ကြီး ပစ်ခတ်တာ၊ လေယာဉ် အပါအဝင် စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013