
မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄ ကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ချောက်မြို့နယ်ထဲကို ရောက်ရှိနေပြီး ဒေသတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေကို အထိုင်ချ ချိတ်ဆက်ပြီး နယ်မြေထိန်းချုပ်ရေးတွေ ပြန်လုပ်ဖို့ စစ်ကောင်စီက ကြိုးစားနေပါတယ်။
ဩဂုတ် ၂၉ ရက်က ပေါက်မြို့နယ်၊ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ စက်တင်ဘာ ၆ ရက်မှာ ချောက်မြို့နယ်ထဲကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကပစ ၂၄ ထဲကနေ စစ်ယာဉ်တန်း ပြန်ထွက်လာတာနဲ့ တပြိုင်တည်းမှာ ကပစ ၂၄ ကို ဗဟိုပြုပြီး မြောက်ဘက်မှာရှိတဲ့ ကျော-ကပစ ၂၃ ဘက်ကို စစ်ကြောင်းတခု ထွက်ခဲ့ပြီး တောင်ဘက်ကိုလည်း စစ်ကြောင်းထိုးမယ့် သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပေါက်နယ်အစပ် ဆိပ်ဖြူနယ် ကပစ ၂၂ မှာလည်း စစ်ကောင်စီတပ်သားတွေ စုစည်းနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ဒေသတွင်း ကပစ စက်ရုံတွေကို အထိုင်ချ ချိတ်ဆက်ပြီး စစ်ကောင်စီက နယ်မြေထိန်းချုပ်ရေး ပြန်လုပ်ဖို့ ကြိုးစားတဲ့သဘော ဖြစ်ပါတယ်။
ကပစ ၂၄ ရဲ့ မြောက်ဘက် ကျော-ကပစ ၂၃ မရောက်ခင် ကြားထဲက လက်ယက်တွင်း ရေနံမြေရွာတွေ အကုန်လုံးက ပြည်သူတွေဟာ စစ်ကြောင်းဒဏ်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မကွေးနယ်ခံ PDF တပ်ဖွဲ့ဝင်တယောက်က “ဒီ ပုံတောင်နတ်ထိပ် ကာကင်းစခန်းကလည်း ပေါက် ကပစ ၂၄ အတွက် အရေးပါတာပေါ့။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတာကို ပြန်လိုချင်တဲ့ သဘောရှိတယ်။ ပုံတောင်နတ်ထိပ်စခန်းကို သိမ်းထားတာ ဒီနှစ်အစောပိုင်းထဲမှာပေါ့နော်။ ပေါက်နယ် အနောက်မြောက်ပိုင်း ထန်းပင်ချောင်းရေနံမြေနားက ရွာတွေကတော့ ရှောင်နေရပြီတဲ့ဗျ။ ၂၉ ရက်နေ့လောက်က စထွက်ပြီးမှ ထန်းပင်ချောင်းရေနံမှော်၊ အဲဒီနားက ရွာတွေကို ဝင်တာ ၃၀ ရက်နေ့ကပေ့ါ။ ယာဉ်တန်း ၁၀၀ ကျော်ကတော့ ချောက်မြို့နယ်ထဲကို ရောက်သွားပြီ။ အဲဒီထဲက (--)အင်အား တော်တော်များများကိုတော့ ဆိပ်ဖြူ ကပစ ၂၂ မှာ ချန်ခဲ့တယ်လို့ ပြောတယ်ဗျ။ ဩဂုတ်လ ၁၄ ရက်ကစပြီး ဖမ်းသွားတဲ့ ပြည်သူတွေ လက်ရှိအချိန်အထိ ပြန်လွတ်လာခြင်း မရှိသေးပါဘူး။ ယာဉ်တန်းတွေကတော့ ဆိပ်ဖြူကနေတဆင့် ချောက်မြို့နယ်ကို ရောက်ပြီပြောတယ်။ ချောက်မြို့နယ်ကမှ ပခုက္ကူ ၁၀၁ ကိုပြန်မှာ” လို့ ပြောပါတယ်။
ပေါက်မြို့ကိုဝင်တဲ့ အနောက်ဘက်လမ်းတခုပဲ PDF တွေက ထိန်းချုပ်နိုင်ဖို့ ကျန်နေတာဖြစ်ပြီး မြို့ရဲ့ အရှေ့ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက် အားလုံးကို PDF တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတဝန်း ကပစ စက်ရုံ ၂၅ ရုံထဲက ၁၅ ရုံဟာ မကွေးတိုင်းထဲမှာ တည်ရှိနေပြီး ဒီစက်ရုံတွေမှာ ရိုင်ဖယ်တွေကစပြီး လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အထိ ပြင်ဆင်ထားတာပါ။
လတ်တလောမှာတော့ မကွေးနယ်ခံ PDF တွေက ကပစတွေအတွက် အရေးပါတဲ့ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေကို ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။
မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “ဆိပ်ဖြူကပစ ၂၁-၂၂ ကတော့ လည်ပတ်နေပြီလို့ အရင်ကတည်းက သိရတယ်။ ကျနော်တို့ ပေါက် ၂၄ ရယ်၊ ဆော-လောင်းရှည်မှာရှိတဲ့ ၂၅ ရယ်က အပြီးမသတ်သေးဘူး။ ကျောတို့ ပေါက်တို့ လောင်းရှည်တို့ကကျတော့ လျှပ်စစ်မီး မဟာဓာတ်အားလိုင်းတွေ ဖြတ်ခံထားရတော့ မီးစက်နဲ့ အလုပ်လုပ်ကြရတယ် ပြောတယ်။ အဲဒီတော့ သူတို့ လုပ်ငန်းမတွင်ဘူးလို့ သိရတယ်။ မကွေးတိုင်း အောက်ခြမ်းမှာရှိတဲ့ သရက်-အောင်လံ-မင်းလှဘက်မှာရှိတဲ့ စက်ရုံတွေကတော့ လည်ပတ်နိုင်တယ်လို့ အကြမ်းဖျင်း သိရတယ်။ ကျနော်ထင်တယ် သူတို့လည်ပတ်တာ တဝက်လောက်ပဲ ရှိမယ်ထင်တယ်။ သူတို့ ထုတ်လို့ရသလောက်တော့ ထုတ်လို့ရတဲ့နေရာတွေမှာ သွင်းပြီး ထုတ်နေတယ်လို့ သိရတယ်။ ဖရဲသီးသတင်းတွေအရဆိုရင် လုပ်ငန်းမလည်ပတ်နိုင်တဲ့ တည်ဆောက်ဆဲတွေနဲ့ လျှပ်စစ်ဓာတ်အား အခက်အခဲဖြစ်တဲ့ ကပစ က စစ်သည်တွေကိုကျတော့ ရှေ့တန်းထွက်ရတယ်၊ လည်ပတ်နေတဲ့ စက်ရုံတွေမှာကျတော့ သူတို့ ရှေ့တန်းကို သွားစရာမလိုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
ဦးသန်းရွှေလက်ထက် နေပြည်တော် ထူထောင်တာနဲ့ တပြိုင်တည်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ လက်အောက် နယ်မြေထဲက မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်း မြို့နယ်တွေမှာ လက်နက်ခဲယမ်း ထုတ်လုပ်ဖို့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) တွေ ဆက်တိုက် တည်ဆောက်ခဲ့ပါတယ်။
မိတ္ထီလာလွင်ပြင်ကို ဗဟိုပြုပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး စတဲ့ဒေသတွေမှာ စစ်ရေးအတွက် လိုအပ်တဲ့ လေယာဉ်ကွင်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့တပ်၊ ခြေမြန်တပ်မဌာနချုပ်တွေနဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေကို ဗျူဟာတကျ ဖွဲ့စည်းတည်ဆောက်ထားတာပါ။
မြိုင်နယ်၊ ပေါက်၊ ဂန့်ဂေါ၊ ဆော၊ ဆိပ်ဖြူ စသဖြင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်း တောတောင်ထူထပ်ရာ အရပ်တွေမှာ လက်နက်စက်ရုံတွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး ဧရာဝတီ မြစ်ရိုးအတိုင်း သယ်သူ အသုံးပြုနိုင်ဖို့ကိုလည်း ထည့်သွင်းတွက်ချက်ထားတာ တွေ့ရပါတယ်။
သုတချမ်းသာ