
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျတာကြောင့် အရပ်သား ၇ ယောက် ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၁ နာရီဝန်းကျင်မှာ ဖားကန့်ဗျူဟာကုန်းကနေ ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဆိပ်မူကျေးရွာ ရပ်ကွက် ၃ တရုတ်ဘုံကျောင်းရှေ့က အလယ်တန်းကျောင်းဘေး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာမှာလည်း စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး မဖြူဖြူဝင်း၊ ကိုလန်းချိန်၊ မမြင့်မြင့်သန်းနဲ့ ကိုခိုင်မြဲဦးတို့ ၄ ယောက် ပြင်းထန်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့ ဒေသခံတယောက်က ”လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ၃ ဦး ဒဏ်ရာရတယ်။ အလယ်တန်းကျောင်းက ကျောင်းဆရာ လှိုင်မင်းထွန်းရယ် ကျောင်းဘေးနေအိမ်က ကိုဇော်ဝင်းနိုင်နဲ့ ကိုမျိုးတို့ ဒဏ်ရာရတာ။ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတော့ ထပ်ပြီး ထိခိုက်ပျက်စီးတာ၊ ဒဏ်ရာရသူတွေ ရှိနေနိုင်သေးတယ်။ ထပ်မသိရသေးဘူး” လို့ ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာပဲ စစ်တပ်ဟာ ဆိပ်မူကျေးရွာအုပ်စုဘက်ကို လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်တယ်လို့လည်း ဆိုပါတယ်။
စစ်ရေးတင်းမာနေတဲ့ ဖားကန့်မှာ မနေ့က ဆန်းကြွယ်နဲ့ မျောခြံဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “မနေ့က တိုက်ပွဲမတိုင်ခင်ကတည်းက ဒရုန်းတွေနဲ့ ချနေတာ။ ဆန်းကြွယ်နဲ့ မျောခြံက ဥရုချောင်းပဲခြားတာ။ မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ တိုက်ပွဲစဖြစ်ကြတယ်။ ဒေသခံတွေကတော့ ပြီးခဲ့တဲ့တနေ့ကပဲ အပြေးအလွှား ရှောင်လိုက်ကြတယ်” လို့ ပြောပါတယ်။
မနေ့ညပိုင်းမှာ မော်မောင်းလျှံအခြမ်းက တုံးစန်း ကျောက်မျက်တူးဖော်ရေးကုမ္ပဏီကို မီးလောင်တာရှိခဲ့ပြီး ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဘက်က ရှို့မီးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “မော်မှောင်းလျှံကဆိုတော့ သူတို့တွေ (စစ်တပ်) ရှိတယ်လေ။ အဲဒီဘက်ရလို့ (စစ်တပ်ထိန်းချုပ်) တောက်လျှောက် ဆန်းကြွယ်ထိတောင် ထိတွေ့မှုတွေရှိနေပြီ။ မနေ့ညကတောင် ဆိုင်းတောင်ကို ဗျူဟာကနေ လက်နက်ကြီးပစ်တယ်။ ဒီဘက်အထိ လာတော့မယ့်ပုံပဲ။ ဒီဘက် (KIA) ကလည်း နောက်ဆုတ်လိုက် တိုးလိုက်နဲ့ ချနေကြတာပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်နေတဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ်တွေ၊ စာသင်ကျောင်းတွေ ပျက်စီးတာတွေရှိပြီး တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။