Home
နိုင်ငံတကာ
ရုရှား ဗုံးကြဲမှုကြောင့် ယူကရိန်းပြည်သူ ၂၃ ဦး သေဆုံး
DVB
·
September 10, 2025
Photo: Governor Vadym Filashkin/Telegram

ယူကရိန်းအရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသရှိ ယာရိုဗာကျေးရွာကို ရုရှားလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၂၃ ယောက် သေဆုံးခဲ့ကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ဒေသတာဝန်ရှိသူတွေက စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် မော်စကိုကို ဖိအားတွေ တိုးမြှင့်ပေးဖို့ ကိယက်ဗ်ရဲ့ မဟာမိတ်တွေကို ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။

ယာရိုဗာကျေးရွာဟာ စလိုဗီယန့်စ်ခ်မြို့မှ ၁၅ မိုင်အကွာမှာရှိပြီး ရှေ့တန်းစစ်မျက်နှာရဲ့ အနောက်ဘက် ကီလိုမီတာများစွာ အကွာမှာ တည်ရှိပါတယ်။

ပင်စင်လစာတွေ ထုတ်ပေးနေချိန် အခိုက်အတန့်မှာပဲ ရုရှားလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူတွေကို၊ သာမန်အရပ်သားတွေကို တည့်တည့်ထိတာလို့ သူ့ရဲ့ လူမှုမီဒီယာ X မှာ ရေးသားခဲ့ပြီး ပျက်စီးသွားတဲ့ မော်တော်ကားအနီးမှာ ပြန့်ကျဲနေတဲ့ ရုပ်အလောင်းတွေကို ပြသထားတဲ့ ဗီဒီယိုကိုလည်း မျှဝေခဲ့ပါတယ်။

ပဏာမအချက်အလက်တွေအရ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ချစ်ခင်ရသူတွေ အားလုံးကို စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

၃ နှစ်ခွဲကြာ စစ်ပွဲကို အဆုံးသတ်ရေး သံတမန်ရေးရာ ကြိုးပမ်းမှုတွေဟာ အကြီးအကျယ် ရပ်တန့်နေချိန်မှာ ရုရှားတပ်ဖွဲ့တွေဟာ အရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသ အများအပြားမှာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရုရှားကို ဖိအားပေးဖို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ကိယက်ဗ်ရဲ့ မဟာမိတ်တွေကို တောင်းဆိုခဲ့ပါတယ်။

ဇလန်းစကီးက “ဒီလို ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကမ္ဘာက သင့်လျော်သလို မတုံ့ပြန်ဘဲ ချန်ထားခဲ့ရမှာ မဟုတ်ပါဘူး။ ရုရှားတွေဟာ ပြင်းထန်တဲ့ ပိတ်ဆို့မှုအသစ်တွေနဲ့ ပြင်းထန်တဲ့ ထိုးနှက်ချက်အသစ်တွေကို ရှောင်လွှဲနေရင်းကို အသက်တွေကို ဆက်ပြီး ဖျက်ဆီးနေတာပါ။ ကမ္ဘာကြီး အသံတိတ်မနေပါနဲ့။ ဘာမှမလုပ်ဘဲ မထားပါနဲ့။ အမေရိကန်ဆီက တုံ့ပြန်မှု လိုအပ်ပါတယ်။ ဥရောပက တုံ့ပြန်မှု လိုအပ်ပါတယ်။ G20 နိုင်ငံတွေဆီက တုံ့ပြန်မှု လိုအပ်ပါတယ်။ ရုရှားက သေခြင်းတရား ယူဆောင်လာနေတာကို ရပ်တန့်အောင် ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်” လို့ ပြောထားပါတယ်။

ယူကရိန်းလူ့အခွင့်အရေးကော်မရှင်နာ ဒီမီထရို လူဘီနက်စ်က ဒီတိုက်ခိုက်မှုဟာ ယူကရိန်း အရပ်သားလူထုကို စနစ်တကျ အကြမ်းဖက်တဲ့ နောက်ထပ်လုပ်ရပ်တခု ဖြစ်တယ်လို့ ပြောပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024