
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာ ၆ ရွာကို စစ်တပ်က စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲမှာ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝက်လက်အရှေ့ခြမ်း ဒေသခံတွေဆီကနေ သိရပါတယ်။
အခုလို ဗုံးကြဲချတာကြောင့် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးပြီး ဘုန်းကြီးတပါးနဲ့ ပြည်သူ ၁၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒေါင်းဒေသခံ ရွာသားတယောက်ကပြောပါတယ်။
“သစ်ဆိမ့်ရွာ၊ အင်ဒေါင်းရွာ၊ ရုံးပင်ကုန်းရွာ၊ မင်းကုန်းလေးရွာ၊ နဘဲပင်လှရွာနဲ့ တပ်သာရွာဘက်တွေကို Y-12 နဲ့ ဗုံးကြဲတိုက်ခိုက်သွားတာဗျ။ ဘာဖြစ်လို့ တိုက်နေတာလဲဆိုတော့ မြစ်အတွင်းကနေ စစ်သင်္ဘော ၁၂ စီး မြစ်အထက်ပိုင်းက စုန်လာတာပဲ ရှိတာပဲ။ ကျန်တာကတော့ မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူးဗျ။ ရွာသားတွေက စစ်သင်္ဘောတွေ စုန်လာနေလို့ ရွာကနေရှောင်ဖို့ ပြင်နေကြတဲ့အချိန် လာကြဲချသွားတာဗျ။ ကျနော်တို့ အင်ဒေါင်းရွာကိုတော့ ရွာနဲ့ တောင်ဘက်ကို ကြဲချသွားတာဗျ။ ဗုံးသီးက ၉ လုံး ကြဲချသွားတာ။”
သေဆုံးသူတွေဟာ မင်းကုန်းလေးရွာက စစ်ရှာင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးက “ရုန်းပင်ကုန်းရွာကို ထပ်ပြန်လာကြဲသေးတယ်။ အထိအခိုက်ကတော့ မကြားဘူး။ မင်းကုန်းလေးရွာကတော့ ပြည်သူ ၃ ဦးနဲ့ ဘုန်းကြီးတပါး ထိခိုက်တယ်။ အဲဒီ ဒဏ်ရာရသူတွေထဲက ၂ ယောက်ကတော့ သေဆုံးသွားပြီဗျ။ သေဆုံးတဲ့ ၂ ဦးထဲမှာ ကလေးငယ်တဦးလည်း ပါတယ်လို့ သိထားရတယ်ဗျ။ တပ်ရွာကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ ၄ ဦးပါဗျ။ သေဆုံးတယ်ဆိုတဲ့အသံတော့ မကြားရသေးဘူး။ အခြား တောတဲတွေဘက်လည်း ကြဲချသွားသေးတယ်။ အဲနေရာမှာလည်း သေဆုံးသူ ၂ ဦးရှိတယ်လို့ သိထားရတယ်။ အတည်တော့ မပြုနိုင်သေးဘူးဗျ။ အသေးစား ဒဏ်ရာရသူတွေလည်း များတယ်။ အနည်းဆုံး ၁၃ ဦးထက်မနည်း ရှိလိမ့်မယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ စစ်သင်္ဘောတွေကို အကာအကွယ်ပေးနိုင်ဖို့ အကြောင်းပြပြီး အခုလို ဝက်လက်နယ်အပြင် သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ မြစ်ကမ်းဘေး ကျေးရွာတွေကိုလည်း ဗုံးသီးကြဲချတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်သင်္ဘောတွေကတော့ မတ္တရာနယ်၊ သုံးဆယ်ဘေးအထိ ရောက်သွားပြီဖြစ်တေကြောင့် မြစ်ကမ်းဘေးနေ ပြည်သူတွေ မိမိကျေးရွာတွေကို ပြန်လည်ဝင်ရောက် နေထိုင်ကြသူတွေလည်း ရှိနေပြီလို့ သိရပါတယ်။