
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်မြို့သစ်နဲ့ ရသေ့ဂူကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၈ ရက် မနက်ပိုင်းက လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချခဲ့တယ်လို့ စစ်ဘေးရှောင်အရေး သွားရောက်ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဒီမနက် ၁၀ နာရီ ၁ မိနစ်လောက်မှာ လေးကေ့ကော်မြို့သစ်ကို တလုံးကြဲခဲ့ပြီး ၁၀ နာရီ ၆ မိနစ်မှာ ရသေ့ဂူကျေးရွာကို တလုံးကြဲချခဲ့တာလို့ ဆိုပါတယ်။
ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အချိန်မှာ ဒေသခံရွာသားတွေ ကြိုတင်စစ်ရှောင်နေပြီး ဖြစ်လို့ ဗုံးကျရာအနီးကို သွားကြည့်ဖို့ မလွယ်သေးဘူးလို့ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တယောက်က “မနက် ၈ ခွဲကျော်ကျော်က ဂျက်လေယာဥ် လာပတ်နေတယ်။ ပြီးတော့ ရသေ့ဂူနဲ့ လေးကေ့ကော်ကို ကြဲချတယ်။ နှစ်လုံးကျရောက်ပေါက်ကွဲတယ်။ ရွာသားတွေက စစ်ရှောင်ခိုင်းထားတာ ၂ ရက်ရှိပြီဆိုတော့ အရမ်းကြီးတော့ မထိခိုက်နိုင်ဘူး။ လက်ရှိအချိန် သွားမရသေးတော့ ထိခိုက်မှုမသိရသေးဘူး” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနေတာကြောင့် မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ရသေ့ဂူ၊ မင်းလက်ပံ ကျေးရွာသားတွေ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘက်ကို တိမ်းရှောင်နေကြရပြီး စစ်တပ်ကလည်း မြေပြင်က ထိုးစစ်ဆင်တာတွေပါ လုပ်လာနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မြဝတီမြို့တောင်ဘက်ရှိ သူတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ လေးကေ့ကော်ဒေသ ဝေါလေလမ်းပိုင်းနဲ့ သေ့ဘောဘိုးဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး မြေပြင် စစ်ကြောင်းထိုးလာနေသလို လေကြောင်းကနေ ကင်းထောက်လေယာဉ် ပျံသန်းမှုတွေ လုပ်ဆောင်နေကာ စက်တင်ဘာ ၄ ရက်ကလည်း မြဝတီမြို့နယ်ထဲက ကျောက်ခက်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။