Home
မြန်မာသတင်း
ကလေးမြို့တိုက်ပွဲတွင် အိန္ဒိယသူပုန်များက စစ်တပ်ဘက်က ဝင်တိုက်ပေး
DVB
·
September 11, 2025

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်တပ်ဘက်ကနေ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေက ဝင်တိုက်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်သုံ့ပန်း ၇ ယောက်၊ အလောင်း ၄ လောင်းနဲ့ လက်နက် ၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်တဲ့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်ဘက်ကနေ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ အဖွဲ့တွေဖြစ်တဲ့ ညီညွတ်သော အာသံလွတ်မြောက်ရေးတပ်ဦး (ULFA) နဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN - IM) စတဲ့ တပ်ဖွဲ့တွေ ပါဝင်ပြီး အင်အား ၁၃၀ လောက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ အိန္ဒိယက ULFA နဲ့ NSCN အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးဘက်ကလာတဲ့ သင်္ဘောတွေနဲ့ ပါလာခဲ့တာဖြစ်ပြီး စစ်တပ်က အဲဒီလမှာပဲ စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး စစ်တပ်စစ်ကြောင်းကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ အမှတ် ၁ စစ်ဒေသက ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်တာတွေကို နေ့စဉ်ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်တပ်ဆီကနေ MA-1 ၃ လက်၊ MA-3 ၁ လက်၊ MA-11 ၁ လက်၊ 7.62 ကျည် ၂၇၇ တောင့်၊ 5.56 ကျည် ၈၉ တောင့်၊ RPG ဗုံးသီး ၁ လုံး၊ RPG ပို့ယမ်း ၃ ခု၊ နင်းမိုင်း ၁၂ ခု၊ မိုင်းရှင်းစက် ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၉ ခု အပါအဝင် မူးယစ်ဆေး အမျိုးအစား ၃ မျိုးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်အနေနဲ့ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်ပြီး ဩဂုတ် ၁၅ ရက်နေ့မှာလည်း ရန်သူ့သုံ့ပန်း တဦး၊ အလောင်း ၃ လောင်းနဲ့ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024