
စစ်ကိုင်းတိုင်းအတွင်းက ကလေး-ဂန့်ဂေါ လမ်းပေါ်မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၅ ရက်နေ့ကစလို့ စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကလေး-ဂန့်ဂေါကားလမ်းမပေါ်မှာ စစ်တပ်စစ်ကြောင်းက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေပြင်းထန်နေတာ တပတ်လောက်ရှိနေပြီ” လို့ ပြောပါတယ်။
ကလေး-ဂန့်ဂေါကားလမ်းပိုင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂ နှစ်နီးပါးကတည်းက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး လမ်းပိုင်းပေါ်က ပျူစောထီးကျေးရွာ အထိုင်စခန်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။
တိုက်ပွဲအတွင်းပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်က “အဲဒီ လမ်းပိုင်းပေါ်ကို ထိန်းချုပ်ထားတာကတော့ ၂ နှစ်နီးပါးရှိပြီပေါ့။ အဲဒီလမ်းပေါ်က ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြီးခဲ့တဲ့ ဧပြီလထဲမှာသိမ်းပိုက်ထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်အထိုင်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီ၊ နဂါးမောက်ခြံ၊ ငါးကန်၊ မှန်တော၊ အရှေ့အောင်သာ၊ ကြံသာ နဲ့ အခြားစခန်းငယ်တွေကို ပြန်လိုချင်လို့ စစ်ကြောင်းထိုးနေတာ မကြာခဏပါပဲ။ ဒါပေမယ့် အခုတကြိမ်ကတော့ အင်အားတော်တော်များတယ်။ ၂၀၀ နဲ့ ၃၀၀ ကြားပါမယ်ဗျ။ အဓိက ကတော့ ကြံသာစခန်းကိုပြန်လိုချင်နေကြတာ” လို့ DVB ကို ပြောပါတယ်။
တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနေသလို စက်တင်ဘာ ၁၂ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် မြေပြင်အခြေအနေကို အတိအကျ မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်ဘက်ကလည်း ရဟတ်ယာဉ်တွေနဲ့ စစ်ကူပို့ဆောင်ပေးတာတွေရှိနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။