Home
မြန်မာသတင်း
ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းအနီးက ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွား
DVB
·
September 25, 2025

ကျုံဒိုး- ကော့ကရိတ် လမ်းပိုင်းအနီးက ကျေးရွာတွေကို စစ်တပ်က DKBA ဗိုလ်ဘိအဖွဲ့ရဲ့ အကူအညီနဲ့ နယ်မြေ အပြည့်အဝ စိုးမိုးနိုင်ဖို့ ကြိုးစားနေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့  တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

ကရင်ပြည်နယ်၊ ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်း အနီးက ကျေးရွာတွေကို ကျုံဒိုး ခမရ ၅၄၅၊ ၅၄၆ ကနေ လက်နက်ကြီးပစ်ကူရယူပြီး စစ်တပ်က စစ်အင်အား ၄၀၀ နီးပါးနဲ့  စစ်ကြောင်းထိုးနေပါတယ်။ 

လက်ရှိမှာလည်း စစ်ကော်မရှင်တပ်က တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့ရဲ့ အကူအညီနဲ့ နယ်မြေအပြည့်အဝ စိုးမိုးနိုင်ဖို့ ကြိုးစားနေတာကြောင့် KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒေသခံတယောက်က “ကျုံပိုင်းဘက်မှာပဲ ဖြစ်နေတာ။ နဘူးမရောက်ပါဘူး။ ကိုယ်လည်း မတွေ့ဘူး။ စစ်ကြောင်းက များတယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ သူတို့ ဒီဘက်ကို တိုးမပေါက်ပါဘူး။ မနေ့က အထိက မစ်ဇိုင်းတွေ လှမ်းပစ်တယ်။ အိမ်တွေ ဘာတွေ ထိတာပေါ့။ စစ်ကြောင်းတွေက လမ်းဘေးဝဲယာ တက်သွားပြီးတော့ လမ်းရှင်းတာ ထင်တယ်။ ရွာသားတွေက ပြေးနေရတယ်။ ရွာမှာ မနေရဲဘူးလေ။ ဝေးဝေးရှောင်တယ်။ အိမ်ပဲကျန်တယ်။ ‌ရှောင်နေရတယ်။ မပြန်ရဲသေးဘူး။ ဒေသခံတွေက ကြောက်တာပေါ့။ တယောက်မှ ပြန်မရဲသေးဘူး။ အိမ်တွေ ပစ်ထား ကုန်နေပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က စစ်တပ်က တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ ကရင်ပြည်နယ် ကော့ကရိတ် -မြဝတီ (အာရှ)လမ်းနဲ့ သင်္ကန်းညီနောင်ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ 

ဒါကြောင့် ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ နှိပ်စက်နေတဲ့  စစ်တပ်နဲ့ ပေါင်းနေရင်  တချိန်ကျရင် အာဏာရှင်တွေ သွားရမယ်လမ်းကို သွားရမယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ 

ကရင်စစ်ရေးလေ့လာသူတယောက်က “ဗိုလ်ဘိဦးဆောင်ပြီးတော့ စစ်ကောင်စီ အင်အားတိုးချဲ့တာကတော့ အမှန်ပဲ။ အခုလက်ရှိ စကမ နဲ့ပေါင်းနေတဲ့  ဗိုလ်ဘိတို့ကိုလည်း အမြင်မှန်ရစေချင်တယ်။  ကရင်တမျိုးသားလုံးအအတွက်တော်လှန်နေတဲ့ KNU မိခင်အဖွဲ့အစည်းနဲ့  ပြန်လည်ပူးပေါင်းဖို့ ပြောချင်တယ်။ ပြည်သူလူထုကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ချုပ်ချယ် ကန့်သတ်နှိပ်စက်နေတဲ့ စကမနဲ့ ပေါင်းနေတယ် ဆိုရင်တော့ သူလည်းပဲ တချိန်ကျလို့ရှိရင် အာဏာရှင်တွေ သွားရမယ်လမ်းကို သူသွားရမှာ ဖြစ်တယ်။ ပြည်သူလူထုတွေ အရမ်းနစ်နာတယ်။ အဲဒါကို သူပြန်ကြည့်ဖို့လည်း လိုတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက ကျုံဒိုးမြို့၊ ကျုံပိုင်းကျေရွာအုပ်စု၊ ကော့ဒေးဆိုင်ကျေးရွာနဲ့ ကေ့ဝါးဘိုးရွာကို  ကျုံဒိုး ၅၄၅ တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကော့ဒေးဆိုင် ကျေးရွာက ဒေသခံ ၂ ယောက်နဲ့ ကော့ဝါးဘိုးကျေးရွာက ဒေသခံ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး   ကော့ဒေးဆိုင်ကျေးရွာ ဘုန်ကြီးကျောင်းပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းရန်ကို စိုးရိမ်ပြီး အင်းကြီး၊ အုန်းတပင်၊ ချောင်းဖျား၊ ကော့ဝါးလဲ စတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

အောင်ခန့် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013