Home
မြန်မာသတင်း
လေးကေ့ကော်အနီး တိုက်ပွဲတွင် စစ်တပ်က အကျအဆုံးများနေသော်လည်း စစ်ကြောင်းဆက်ထိုး
DVB
·
October 1, 2025
Photo: DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်အနီးမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အကျအဆုံးများနေတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့  ဒရုန်း၊ လက်နက်ကြီးပစ်ကူ ရယူပြီး စစ်တပ်က စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးဖောက်ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ လေးကေ့ကော်မြို့သစ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။

စက်တင်ဘာ ၂၉ ရက်က လေးကေ့ကော်မြို့သစ်အနီးက ရေကန်ကုန်းကလေးဘက်ကနေ ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးတာတွေ ရှိပေမဲ့ စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူ ပိုများတယ်လို့  စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့ လေးကေ့ကော်ကို တက်လုံးနေတာ မရသေးဘူး။ ကျနော်တို့ဘက်ကလည်း ဒီရက်ပိုင်းမှာ ထိခိုက်ကျဆုံးမှုတွေ ရှိတယ်။ ရန်သူဘက်က များတယ်။ အင်အားကတော့ သူတို့က လူလဲပြီး ကစားနေတာ။ သူတို့ဘက်က ကျတာ နည်းမှမနည်းတာ။ ဒါပေမဲ့ သူတို့ဘက်က ဖြည့်စရာလူ ရှိနေသလို ဖြစ်နေတာ။ လူစားထိုးနိုင်နေတာ။ စစ်ကြောင်းကတော့ ၄၊ ၅ ကြောင်းလောက်အထိ ဖြန့်ပြီးလာတာ။ သူတို့က လေးကေ့ကော်အတွင်းအနားအထိ ချဉ်းကပ်လာတယ်။ လက်နက်ကြီးကတော့ ၂၇၅၊ သင်္ကန်းညီနောင်ဘက်ကနေ  မစ်ဇိုင်း ၁၂၀  တွေနဲ့ တောက်လျှောက် ပစ်နေတယ်။ လေကြောင်းက နည်းတယ်။ ကာမီကာဇေကတော့ တနေ့ကို ၂ လုံးလောက် ချနေတာ။”

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းက မင်းလက်ပံ စာသင်ကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒရုန်းဗုံးကြဲတိုက်ခိုက်မှုအတွင်း စာသင်ကျောင်း ပိတ်ထားတာကြောင့် ထိခိုက်သူမရှိခဲ့ပေမဲ့ စာသင်ဆောင်တဆောင် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒေသခံတယောက်က “အခြေအနေက ရွာသားတွေက ချောင်းကမ်းနားမှာ ရှိနေကြတယ်။ ရွာပတ်လည်မှာ ဒရုန်းကျတာ ၈ စင်းလောက်ရှိပြီ။ ဒေသခံတွေက စိုးရိမ်ကြောက်လန့်ပြီး မအိပ်နိုင် မစားနိုင်ဘူး။ အချိန်ရှိသမျှ ဒရုန်းက မမျှော်လင့်ဘဲနဲ့ လာနေတာ။ သူတို့က ရဲဘော်တွေမဟုတ်ဘဲ ရွာသားတွေဆိုတော့ အသံကြားတာနဲ့ လန့်နေပြီ ရွာသားတွေက။ မထင်ရင် မထင်သလို ပစ်ထည့်တော့” လို့ ပြောပါတယ်။

လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက်ကို စစ်တပ်က စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာ တာ၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

တိုက်ပွဲမှာ စစ်​ကောင်စီတပ်က ​မောင်းသူမဲ့ကာမီကာ​ဇေ ဒရုန်း​တွေကို ပိုပြီးအသုံးပြု​နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်​ ညသန်း​ခေါင်ယံမှာ စစ်တပ်က မြဝတီမြို့ကနေ ​မောင်းသူမဲ့ ကာမီကာ​ဇေဒရုန်း​တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မြန်မာ-ထိုင်းနယ်စပ်အနီး မင်းလက်ပံ​ရွာ ​စျေးအနီးမှာ တလုံး။ ​ရေ​ဆေးခုံအနီးမှာ တလုံး​ပေါက်ကွဲသွားပါတယ်. မင်းလက်ပံ ရွာသား တယောက်က ပြောပါတယ်။

​လေး​ကေ့​ကော်ကို သိမ်းပိုက်နိုင်ဖို့  စစ်​ကောင်စီတပ်က စက်တင်ဘာ ၂၂ ရက်​မှ  ​အောက်တိုဘာ ၁ ရက် အထိ ၁၀ ရက်ကြာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေသလို  မြေပြင်ကနေလည်း လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံနဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပေမဲ့ ယနေ့အထိ  သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013