
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကမ်းဒေသရှိ ကြက်ရိုးဆိပ်ကျေးရွာကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတယောက် သေဆုံးပြီး နောက်ထပ် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်ရင်းတွေက စက်တင်ဘာ ၂၉ ရက်န နေလယ်ပိုင်းမှာ ကြက်ရိုးဆိပ်ကျေးရွာကို လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ မူစဲကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ပါဒလိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေ ပစ်နေတာ။ ကြက်ရိုးဆိပ်ရွာမှာ လက်နက်ကြီးကျည် ၁၂ လုံးလောက် ကျခဲ့တယ်လို့ သိရတယ်။ အဲဒီလက်နက်ကြီးကျည်တွေ ကျပြီး ရွာခံအမျိုးသမီးတဦး သေဆုံးခဲ့ပြီးတော့ နောက်ထပ်ကျေးရွာသား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိထားရတယ်။ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ ပြေးလာကြတဲ့ရွာခံတွေက ပြောကြတယ်။ ရွာခံတွေကတော့ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြရတယ်။”
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ကြက်ရိုးပြင်ကျေးရွာဟာ စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာရဲ့ မြစ်တဖက်ကမ်းမှာ တည်ရှိတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ကြက်ရိုးဆိပ်ကျေးရွာက ကျေးရွာသားတွေဟာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကံပြင်ကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာ စစ်တွေမြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အဲဒီမြို့နယ် နှစ်ခုက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တို့ကို စစ်တပ်က ၂၀၂၄ ခုနှစ်အစောပိုင်းကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တွေမြို့မှာ ခံစစ်ပြင်ဆင်ထားတာဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်းမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်မြို့နယ်တွေဖြစ်တဲ့ သံတွဲ၊ တောင်ကုတ်မြို့နယ်နဲ့ ပလက်ဝမြို့နယ်တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၂၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။