
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အုပ်ချုပ်နေတဲ့ ကချင်ပြည်နယ်၊ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၉ ရက် ဒီနေ့ညနေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ KIA က ပြောပါတယ်။
ဆဒုံးမြို့ခံတယောက်က “လူစည်ကားမယ့်အချိန်ကို တမင်ရွေးပြီး လာပစ်သွားတာ။ ဆဒုံးဈေးဆိုတာကလည်း မနက်ပိုင်းနဲ့ ညနေပိုင်းတွေလောက်ပဲ လူစည်တယ်လို့ ပြောလို့ရတယ်။ ညနေဘက်ဆို ကလေးမိဘတွေလည်း ကျောင်းဆင်းတဲ့အချိန် ကျောင်းသွားကြိုပြီး ဈေးဝင်တာမျိုးတွေရှိတယ်။ အဲလိုအချိန်ကို တမင်ရွေးပြီး လာကြဲသွားတာ။ တချို့ အလောင်းတွေဆို တစစီ ဖြစ်သွားတယ်။ ဈေးဆိုင်တွေ အိမ်တွေဆိုလည်း တော်တော်လေး ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
သေဆုံးသွားတဲ့အထဲ လတ်တလောမှာ ကလေး ၂ ယောက်ကိုပဲ အတည်ပြုနိုင်သေးပြီး နောက် ၆ ယောက်ကိုတော့ အသက်အရွယ်နဲ့ ကျား၊ မ မစိစစ်ရသေးသလို ထိခိုက်သူ အရေအတွက် အတိအကျလည်း မသိရသေးဘူးလို့ ဒေသခံနဲ့ KIA က ပြောပါတယ်။
ဆဒုံးမြို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ‘မင်းတို့တတွေ လူမဟုတ်တော့ဘူး’ လို့ သူ့ရဲ့လူမှုကွန်ပေါ်မှာရေးသားထားပါတယ်။
စစ်ရာဇဝတ်မှုကို ဂရုမစိုက်ဘဲ အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
“ဆဒုံးကတော့ မနှစ်တုန်းက သူတို့ (စကစ) လက်လွတ်သွားတဲ့ မြို့ဖြစ်ပါတယ်။ သူတို့ လက်လွတ်ခဲ့တဲ့နေရာတွေကို တိုက်ပွဲမရှိရင်လည်း လေကြာင်းနဲ့တိုက်ခိုက်တာ နေရာတကာမှာ ဖြစ်ပေါ်နေပါတယ်။ တကယ်က တိုက်ပွဲမရှိဘဲ ပြည်သူလူထုရှိနေတဲ့နေရာကို ဗုံးကြဲတယ်ဆိုတာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဒါပေမဲ့ စကစဘက်ကတော့ အဲဒါတွေ ဂရုစိုက်တာမဟုတ်ဘူး။ ကျနော်တို့တော်လှန်ရေးနယ်မြေမရွေး နေရာမရွေး အားလုံးကို အခုလိုမျိုး ရမ်းရမ်းသန်းသန်း လုပ်နေတာ။”
တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကန်ပိုင်တည်-ဝိုင်းမော်လမ်းပေါ်မှာ ရှိတဲ့ ဆဒုံးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းယူခဲ့တာပါ။
စစ်ကောင်စီတပ်က တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းနဲ့ မြို့တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ဝိုင်းမော်ကနေ ပြည်သူ့စစ်အင်အားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် စက်တင်ဘာ ၂၈ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ် လမြန့်ရွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo : CJ