
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် ၄ ရပ်ကွက် (ညောင်ပင်စျေးရပ်ကွက်) ကို စက်တင်ဘာ ၂၇ ရက် မနေ့ည ၈ နာရီခွဲမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ်နဲ့ ည ၈ နာရီ ၂၇ မိနစ်မှာတကြိမ်၊ ၈ နာရီ ၃၂ မိနစ်မှာ တကြိမ် ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး အမှတ် ၄ ရပ်ကွက်က ဦးမြဟန်နေအိမ်နဲ့ ဒေသအခေါ် ညောင်ပင်စျေးက ဦးမှဲ့လေး နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။
သံတွဲမြို့ဒေသခံတယောက်က “နေအိမ်တွေလည်း ပျက်စီးသွားတယ်။ ၁ ဦး သေတယ်။ ၅ ဦး ဒဏ်ရာရတယ်။ သံတွဲက တော်တော်လေးအေးချမ်းနေပြီ။ စစ်ကောင်စီရဲ့ လေယာဉ်ပဲ ကြောက်နေရတယ်။ အခုလို ဗုံးမကြဲတာလည်း ကြာပြီ” လို့ ပြောပါတယ်။
သေဆုံးသူဟာ ဦးညီညီ ဖြစ်ပြီး မိသားစုဝင်တွေဖြစ်တဲ့ အသက် ၆ နှစ်အရွယ် မောင်သန့်ဇင်ဖြိုး၊ ၁၄ နှစ်အရွယ် မောင်အောင်သီဟစိုး၊ ဒေါ်ခင်ခင်ဌေး၊ ဒေါ်ခင်ထွေးနဲ့ ဦးထွန်းနိုင်မင်းတို့ ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကလည်း သံတွဲမြို့၊ ညောင်ပင်ဈေးရပ်ကွက်နဲ့ သမုတ်ချောင်းရွာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။