Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
DVB
·
September 26, 2025
Photo: အညာမြေတပ်ပေါင်းစု၊ ကိုတောက်ပိန်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ ၂ ယောက် သေဆုံးကာ ပျူစောထီးကျေးရွာကို သွားရောက်တိုက်ခိုက်ခဲ့ကြလို့ ပျူစောထီး တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုတောက်ပိန်က “နှောပင်ရွာ ဘုန်းကြီးကျောင်းထဲကို အရင်ရက်ပိုင်းလေးကမှ (--)တွေလာပြီး တပ်စွဲနေကြတာ အင်အား ၂၀၀ လောက် ရှိတယ်ဗျ။ သူတို့ရောက်ပြီး နောက်ရက်မှာပဲ ဒရုန်းနဲ့ ဗုံးကြဲတယ်။ သူတို့ကိုကြောက်လို့ ထွက်ပြေးနေတဲ့ အသက် ၃၀ လောက် ရွာခံအမျိုးသားတယောက် ရွာအဝင်ဇရပ်နားမှာ ဆုံးတယ်။ နောက်တယောက်က ပဲခင်းထဲမှာဆုံးတာလို့ သိရတယ်။ ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးတွေနဲ့လည်း ရမ်းပစ်သေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာတော့ နှောပင်ကျေးရွာကနေ အင်ပင်ကျေးရွာကတဆင့်  စစ်ကား ၆ စီးနဲ့ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာသွားကြပြီးနောက် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ကြတယ်လို့လည်း ကိုတောက်ပိန်က ဆက်ပြောပါတယ်။

အဲဒီနေ့မနက် ၆ နာရီဝန်းကျင်မှာလည်း အညာမြေတပ်ပေါင်းစုက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မြိုင်မြို့နယ်ထဲက သရက်ကန် ပျူစောထီးကျေးရွာအနီးကို ဝင်ရောက်ပစ်ခတ်ခဲ့ကြလို့ ပျူစောထီးအဖွဲ့ဝင်တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “မြိုင်တောင်ပိုင်းက သရက်ကန် ပျူရွာမှာရှိတဲ့ သူတို့ဘန်ကာနားလေးအထိ အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အခါမှာ ဘန်ကာထဲကနေ သေနတ်ကိုင်ပြီး ထွက်လာတဲ့ ပျူစောထီးတယောက် သေဆုံးသွားတာတော့ မျက်မြင်တွေ့ခဲ့ရပါတယ်။ နောက်မှ စုံစမ်းကြည့်တဲ့အခါ သေဆုံးသွားတဲ့သူက ကင်းမှူး ပျူစောထီး မျိုးနိုင်အေးလို့ သိရတယ်။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေအပြင် ၄၀ မမ ဗုံးသီးတွေနဲ့ပါ ပြန်ပစ်ခတ်ခဲ့လို့ ၁၀ မိနစ်လောက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ ကျနော်တို့ ပြန်ဆုတ်လာခဲ့တယ်။ တိုက်ပွဲထဲမှာ ထိခိုက်ဒဏ်ရာရတဲ့ရဲဘော် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

အဆိုပါ သရက်ကန် ပျူစောထီးကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင် ၁၂၀ နီးပါးရှိပြီး ပျူစောထီးအဖွဲ့ဝင် မဟုတ်တဲ့ အရပ်သားပြည်သူ ၁၅၀ နီးပါးရှိကာ ပျူစောထီးအဖွဲ့ဝင်တွေက အရပ်သား ပြည်သူတွေအပေါ် မတရားစေခိုင်းတာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြိုင်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတဲ့ အတွက်ကြောင့်လည်း ပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးဂရုစိုက်ပြီး သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အကြိမ်ကြိမ် သတိပေးထားတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013