
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းက စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပခုက္ကူလေဆိပ်နဲ့နီးတဲ့ ကွမ်းသီကန်ရွာဘေးနားက စစ်ဘေးရှောင်တွေရဲ့ တဲတိုက်တွေကို မီးရှို့ဖျက်ဆီးသွားကြတာ။ အဆောက်အအုံလေးတွေကတော့ ဟိုနားတစု ဒီနားတစုနဲ့ ပေါင်းလိုက်ရင် အလုံးရေ ၁၅၀ ဝန်းကျင်လောက် ရှိတယ်ဗျ” လို့ ပြောပါတယ်။
ကွမ်းသီကန်ကျေးရွာဟာ ပခုက္ကူလေဆိပ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံတွေရဲ့ မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေဟာ ကျေးရွာအတွင်း မနေထိုင်ရဲကြဘဲ ရွာနဲ့မနီးမဝေးမှာ ဖြစ်သလို ယာယီတဲတိုက်တွေထိုးပြီး နေထိုင်နေကြရတာ တနှစ်နီးပါးရှိနေပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
COBRA ONE Pakokku ရဲ့ တာဝန်ခံ ကိုမြွေဟောက်က “ကွမ်းသီကန်ရွာမကြီးနဲ့ အခုတဲတိုက်တွေက မိုင်ဝက်လောက်ပဲရှိတယ်။ စစ်ကြောင်းလာတာကို သက်ဆိုင်ရာ ရပ်ကျေးပကဖတွေက ကြိုတင်သတင်းရလို့ စစ်ရှောင်တွေကို ဘေးလွတ်ရာမှာ ကြိုပြီး ရွှေ့ပြောင်းထားနိုင်လိုက်ကြတယ်။ စစ်ရှောင်က ၁,၀၀၀ အထက်မှာတော့ရှိမယ်။ အတိအကျတော့ မသိနိုင်သေးဘူး။ မီးရှို့သွားတဲ့စစ်ကြောင်းကတော့ အင်ပင်ရွာ စစ်တပ်အထိုင်စခန်းက ထွက်လာကြတာ။ အင်အား ၂၀၀ လောက် ပါလာတယ်။ သူတို့ အဲဒီတဲတိုက်တွေကို မီးရှို့ပြီး ထွက်လာတော့ ကျနော်တို့ဘက်က လက်နက်ကြီး ၃ လုံးနဲ့ သွားပစ်ခဲ့ကြတာမှာ ကြောက်ပြီး ရှေ့ဆက်မတိုးရဲတော့ဘဲ အင်ပင်အထိုင်စခန်းထဲကို ပြန်ဝင်သွားကြတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်မှာတော့ အဆိုပါ စစ်တပ်လက်အောက်ခံတွေဟာ အင်အားဖြည့်တင်းတာတွေ ထပ်မံလုပ်ဆောင်နေပါတယ်။
စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီဝန်းကျင်ကလည်း ပခုက္ကူ တပ်မ ၁၀၁ ထဲကနေ တက်တာတဲ့ စက်တပ်လေထီး ၂ စီးနဲ့ မြိုင်မြို့နယ် အရှေ့တောင်ဘက်ခြမ်း နှောပင်ကျေးရွာနားက တောင်ပေါ်ဘုန်းကြီးကျောင်းအနီးကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားခဲ့ပေမဲ့ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။