
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲက ကျေးရွာ နေအိမ်နဲ့ တဲတွေကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က သြဂုတ်လကစပြီး မင်းပလောင်ကျေးရွာက ဒေသခံတွေ စစ်ရှောင်နေရတဲ့ တောတောင်ထဲတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထပ်မံစစ်ရှောင်ရချိန် စစ်ရှောင်ပြည်သူတွေရဲ့ တဲတွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၂၅ ရက်ကလည်း ကျောက်တော်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၃၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်မှာလည်း ကျောက်တော်ရွာက နေအိမ် ၂၃ လုံးနဲ့ စပါးကျီတွေကို ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။
DSNDA ပြန်ကြားရေးတာဝန်ရှိသူက “အိမ်မီးရှို့တာကတော့ အရင်လက စစ်ကြောင်းလည်းရှို့တယ်၊ ခုလထဲမှာလည်း ရှို့တယ်။ အိမ်ခြေ ၆၀ လောက် ပါသွားတယ်ပေါ့နော်။ စစ်ရှောင်တွေက လနဲ့ချီပြီး ရှောင်ရတာဆိုတော့ ရိက္ခာ ငတ်ပြတ်တာတွေ ကြုံရတာပေါ့” လို့ ပြောပါတယ်။
စစ်တပ်က သြဂုတ်လထဲမှာ ညောင်ပင်သာနဲ့ ကျောက်တော်ကျေးရွာတွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ဟောင်ဝစ်ဇာ အလုံး ၄၀ ကျော်ပစ်ကာ စစ်ကြောင်းထိုး တပ်စွဲနေပြီး ကျေးရွာတွေထဲက အိမ်မွေးတိရစ္ဆာန် ကျွဲ၊ ကြက်၊ ခွေးတွေကို သတ်စားပြီး ပြည်သူပိုင်တွေကို ခိုးယူပြီးတဲ့နောက် စစ်ကြောင်းထွက်သွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလထဲမှာ စစ်ကြောင်းထပ်ထိုးလာပြီး မီးရှို့လို့ ပြည်သူတွေ စားဝတ်နေရေးအတွက် ခက်ခဲသလို စစ်ရှောင်နေရတာကြောင့် စားနပ်ရိက္ခာ လိုအပ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
DSNDA ပြန်ကြားရေးတာဝန်ရှိသူက “စခတွေကတော့ ခုလက်ရှိ အင်အားအလွန်အကျွံသုံးပြီး ပိတ်ဆို့တာတွေ၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်နေပါတယ်။ ရွာငံတနယ်လုံးလို့ ပြောရမှာပေါ့နော်” လို့ ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ အကူအညီနဲ့ နေထိုင်ဖို့အတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။