
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ပြီး ၃ ယောက်က ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခွဲမှာ စစ်ကောင်စီရဲ့ ၁၀၂ တပ်ရင်းကနေ လက်နက်ကြီး ၅ လုံး၊ အမှတ် ၁၄ တပ်စခန်းကနေ လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့လို့ ဒေသခံတွေရဲ့ နေအိမ်ပေါ်ကျပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အိမ်ပေါ်ကျတာ၊ ၃ ယောက် ဆုံးတယ်။ ကလေးတွေလည်း ထိခိုက်မိကုန်တယ်။ အသက် ၉၀ ကျော် အဘွားလည်း ဆုံးသွားတယ်” လို့ ပြောပါတယ်။
နေအိမ်ပေါ် လက်နက်ကြီးကျလို့ အသက် ၉၀ ကျော် ဒေါ်မီမာ၊ အသက် ၄၄ နှစ်အရွယ် ဦးငါးရယ်၊ အသက် ၃၈ နှစ်အရွယ် ဒေါ်စူးမာတို့ သေဆုံးခဲ့ပြီး သမီးတွေဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် ချစ်စုလှိုင်က ခြေထောက်ထိရှ၊ အသက် ၁၂ နှစ်အရွယ် မီရယ်ထူးက စိတ်ဒဏ်ရာရရှိခဲ့ပြီး အသက် ၉ နှစ်အရွယ် မိချောအယ်ဝါးဖောက နှုတ်ခမ်းထိရှခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ထဲကို စက်တင်ဘာလထဲ လက်နက်ကြီးနဲ့ ဆက်တိုက် ရမ်းသန်းပစ်ခတ်နေလို့ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကလည်း ဖရူဆိုမြို့နယ်အတွင်းက ဒေသခံတွေရှိရာနေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။