Home
မြန်မာသတင်း
ဧရာဝတီ-ရခိုင်နယ်စပ်၌  စစ်ကောင်စီတပ်က စစ်ကြောင်းထိုး  
DVB
·
September 11, 2025

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်က ရိုးလမ်းတွေပေါ်နဲ့ လေးမျက်နှာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ရေကြည်မြို့နယ်ထဲက ကျေးရွာတွေကိုလည်း နေရပ်စွန့်ဖို့ ဖိအားပေးနေကြောင်း ဒေသခံတွေကပြောပါတယ်။

အာရက္ခတပ်တော် (AA) က ဘောမိရွာကိုထိန်းနိုင်ချုပ်ခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းလောက်ကစလို့ ဧရာဝတီတိုင်းထဲက ရေကြည်၊ သာပေါင်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အစွန်အဖျားတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

ဒါပေမဲ့ နှစ်ဖက်လုံးက အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်တာမျိုးမရှိခဲ့ဘဲ အခု စက်တင်ဘာလထဲ မှာတော့ ရခိုင်နဲ့ ဧရာဝတီအစပ် ဂွ-ငသိုင်းချောင်း ရိုးလမ်းပေါ်အပြင် လေးမျက်နှာမြိုနယ်ဘက်ကိုပါ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အကြောင်း မြေပြင်ဒေသခံက ပြောပြပါတယ်။

ရခိုင်-ဧရာဝတီအစပ်မှာ နေထိုင်တဲ့ ဒေသခံတယောက်က  “ဟိုတရက်က စစ်ကြောင်း ၃ ကြောင်းတက်သွားတယ်။  ၃၄၄ ရှေ့က ကျနော်တို့ ရခိုင်ဘက်ကိုတက်တဲ့ ရိုးလမ်း၊ မနေ့ကပေါ့။ တိုက်ပွဲကတော့ နေ့တိုင်းတော့ ဖြစ်နေတယ်။ မျက်နှာဘက်အခြမ်းတွေမှာ လက်နက်ကြီးတွေ ဆင်ထားတာလား မသိဘူး။ လက်နက်ကြီးတွေက အရင်ထက်ပိုပြီးတော့ နေရာများများမှာ ကြားလာရတယ်။ နည်းနည်း ဒီလှုပ်လှုပ်ရှားရှားတွေတော့ များလာတယ်။ အခု ဒီရက်ပိုင်းတွေပေါ့။ အရင်တုန်းကဆိုရင် လေးမျက်နှာမှာဖြစ်ရင် ရိုးဘက်အခြမ်းမှာ တိုက်ပွဲတွေတိမ်းနေတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ အခုက လေးမျက်နှာဘက်မှာလည်း စစ်ကြောင်းတွေက ထိုးနေသလို ဒီဘက်မှာလည်း စစ်ကြောင်းတွေကထိုးနေတယ် ”လို့ ပြောပါတယ်။

ရခိုင်နဲ့ ဧရာဝတီအစပ် ရိုးလမ်းမပေါ် အရင်တိုက်ပွဲဖြစ်ဖူးတဲ့ စာဥစမ်းနေရာဘက်ကိုတော့ စက်တင်ဘာ ၈ ရက်မှာ ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ခုခွဲပြီးတက်သွားတာ ဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

ဒါပေမဲ့ လေးမျက်နှာမြို့နယ်ဘက်မှာတော့ စစ်ကြောင်းထိုးနေတာကိုသိသလို လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရပေမဲ့ ဒေသခံတွေ မရှိသလောက်ဖြစ်နေတာကြောင့် ထိတွေ့မှုဖြစ်တဲ့နေရာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်တပ်ဟာ အမတ-၃၄၄ အနောက်ဘက်မှာရှိတဲ့ ကျေးရွာ ၁၀ ခု ဝန်းကျင်ကိုလည်း တိုက်ပွဲနဲ့မလွတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဩဂုတ်လကုန်ပိုင်းကစလို့ နေရာရွှေ့ပြောင်းခိုင်းထားကြောင်း ရေကြည်မြို့နယ်ဒေသခံက ပြောပါတယ်။

ရေကြည်မြို့နယ်ဒေသခံက “ကုန်းပြင်အနောက်ခြမ်း၊ ဘာလဲ၊ မကျီးကုန်းတို့ အဲဒီလိုရွာတွေပေါ့ စလူတောင်တို့ သိုက်တူးကုန်းတို့ အများကြီးပေါ့ ရွာတွေ။ တချို့တွေကျတော့ ရှောင်ကိုမရှောင်နိုင်တာ။ တနေရာမှာသွားပြီးတော့ အိမ်ငှားနေတာတို့ ဘာတို့ အဲဒါမျိုးလည်း မလုပ်နိုင်ဘူးဗျာ။ ဆင်းရဲတော့။ ဖြစ်ချင်ရာဖြစ်၊ ကိုယ့်နေရာမှာပဲ အသေခံမယ်ဆိုပြီးအဲလိုမျိုးနေတဲ့၊ ကျန်ခဲ့တဲ့သူတွေကို တယောက်မှ မကျန်ခဲ့နဲ့တော့တဲ့။ အကုန်သွားတော့တဲ့ နောက်ဆုံး ထားပြီးတော့ဗျာ ရွှေ့တော့ဆိုပြီး ရွှေ့ခိုင်းလိုက်တယ်။ နောက်တခါ သူတို့ဒီထဲဝင်လာလို့တွေ့ရင် သူတို့တာဝန်မဟုတ်ဘူးတဲ့။ အဲဒီလိုပြောတော့တာကို၊ ပြောတယ်ဆိုတော့ အပေါ်ကလာပြီး ဗုံးကြဲရင်လည်း ကြဲမယ်ဗျာ”လို့ ပြောပါတယ်။

ဒါကြောင့် စက်တင်ဘာ ၈ ရက်ကစလို့ အမတ-၃၄၄ အနောက်ဘက် ရိုးမထိစပ်နေတဲ့ သရက်ပိုင်ကြီးစုကျေးရွာဝန်းကျင်မှာ နေထိုင်သူမရှိသလောက် ဖြစ်သွားပြီး အများစုဟာ ကုန်းပြင်၊ ငသိုင်းချောင်းနဲ့ ရေကြည်မြို့တို့အပါအဝင် နီးစပ်ရာတွေဆီ ပြောင်းရွှေ့သွားကြကြောင်းသိရပါတယ်။

ဒါ့အပြင် သီတာကုန်းပြင်ဈေးထဲမှာလည်း အခုလဆန်းပိုင်းကစလို့ ကုန်ခြောက်တွေကို ဈေးထဲမှာ ရောင်းခွင့်မပြုတော့လို့ အိမ်တွေမှာပဲ ဆိုင်ဖွင့်နေရကြောင်းသိရပါတယ်။

ငသိုင်းချောင်းမြို့နဲ့ ချိတ်ဆက်ထားတဲ့ ရေနံ့သာဂိတ်မှာလည်း ဆန် အပါအဝင် ကုန်ပစ္စည်းအများစုကို ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်နေတာကြောင့် ကုန်ဈေးနှုန်းတွေ မြှင့်တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013