
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သံဘိုကျေးရွာကို စက်တင်ဘာ ၁၀ ရက် ည ၈ နာရီ ၁၀ မိနစ်မှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို ရွှေဘိုမြို့နယ်၊ ဖုတ်ကုန်းရွာကနေ လက်နက်ကြီး ၇ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ဒေသခံ ကိုပီက “ပစ်တာက ၇ လုံးပစ်တာဗျ။ ရွာဘက်မှာ ၅ လုံးကျတယ်ဗျ။ အကြောင်းမဲ့ကို ပစ်တာပါ။ ရွာအနီးက ကွက်သစ်ဘက်ကို နှစ်လုံးကျတယ်။ အဲနေရာမှာ အသက် ၇၀ ကျော်အရွယ် ဦးကြွယ်မောင်နဲ့ ၈ နှစ်အရွယ် အမျိုးသမီးလေးတို့ ထိခိုက်ဒဏ်ရာရခဲ့တာဗျ။ တလုံးကတော့ ကျနော်တို့ရွာရဲ့ အရှေ့တောင်ဘက်ကို ကျတာဗျ။ အဲမှာက အသက် ၂၇ နှစ်ခန့် အမျိုးသားတဦးလည်း ကျည်စထိမှန်တယ်ဗျ။ ဦးကြွယ်မောင်ကတော့ ဒဏ်ရာပြင်းထန်တယ်” လို့ ပြောပါတယ်။
စစ်တပ်အထိုင်ချထားတဲ့ ဖုတ်ကုန်းရွာဟာ သံဘိုရွာနဲ့ တမိုင်ခန့် ကွာဝေးတယ်လို့လည်း သိရပါတယ်။
တိုက်နယ် ပကဖအဖွဲ့ဝင်တယောက်က “သံဘိုရွာကတော့ သူတို့ လက်တည့်စမ်းချင်သလို စမ်းခံနေရတဲ့ရွာ ဖြစ်နေတာဗျ။ ပြည်သူတချို့ကတော့ အမြဲတမ်း စစ်ရှောင်နေကြရတယ်။ အခုလည်း ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ပစ်တာ။ ပစ်ခတ်တာက ၇ လုံး၊ ရွာအနီးကျတာက ၂ လုံး ကျတယ်။ ကျန်တဲ့အလုံးတွေကတော့ လယ်ကွင်းတွေဘက် ကျတာ။ ဒဏ်ရာရသူတွေကိုတော့ ဆေးကုသမှု ပေးနေပါတယ်” လို့ ပြောပါတယ်။
ခင်ဦးမြို့နယ်ဟာ စစ်တပ်အထိုင်ချထားတဲ့ ကျေးရွာတွေနဲ့နီးတဲ့ ကျေးရွာတွေက ပြည်သူတွေကတော့ နေရပ်စွန့်နေကြရတာ ၄ နှစ်အထိရှိနေပြီး စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတယ်လို့ ခင်ဦးမြို့နယ် အလင်းသစ်ရောင်ခြည် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ထံကနေ သိရပါတယ်။